◾ ၆ ရက် ၆ လ နံနက် ၆ နာရီခန့်တွင် ကွယ်လွန်ခြင်းဖြစ်ဟု သိရ

၆. ၆. ၂၀၂၃

Written by Nay Moe

အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သည့် ဖိုးပြည့်ဆိုသူအား ဇွန်လ ၅ ရက်တွင် ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့နံနက် ၆ နာရီခန့်တွင် အဆိုတော်လီလီနိုင်ကျော်မှာ အမှန်တကယ်ကွယ်လွန်ခဲ့ပြီဖြစ်သည်။

လက်နက်မဲ့အမျိုးသမီးတစ်ဦးဖြစ်သည့် အဆိုတော်လီလီနိုင်ကျော်အား NUG ၏ PDF များက မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် ကားဖြင့်ပြန်လာစဉ် နေအိမ်ရှေ့အရောက် ချောင်းမြောင်းပစ်ခတ်မှုကြောင့် ယာပါးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် တစ်ပတ်ခန့်ကြာအောင် တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး ကွယ်လွန်ပြီဆိုသည့် သတင်းများလည်း မကြာခဏထွက်ပေါ်ခဲ့သည်။

သို့သော် ယနေ့တွင်မူ အဆိုတော်လီလီနိုင်ကျော်၏ Lily Naing Kyaw အကောင့်အသုံးပြုနေသည့် မိသားစုဝင်က “မေမေ ဆုံးပြီ”ဟု အသိပေးခဲ့ပြီး ထိုပို့စ်အောက်တွင်လည်း မိတ်ဆွေများစွာက ဆုမွန်ကောင်းတောင်းပေးခဲ့သည်ကို တွေ့ရသည်။

ထို့အတူ အဆိုတော် လီလီနိုင်ကျော်မှာ ၆ လပိုင်း ၆ ရက် နံနက် ၆ နာရီတွင် ကွယ်လွန်ခြင်းဖြစ်ကြောင်းလည်း စောင့်ကြပ်ကူညီသူ ဘုန်းမိုရ် အကောင့်ပိုင်ရှင်က “6:00 AM ကောင်းရာသုဂတိလားပါစေ” ဟု မိတ်သင်္ဂဟများကို အသိပေးထားသည်။

လက်နက်မဲ့အမျိုးသမီးတစ်ဦးဖြစ်သည့် အဆိုတော်လီလီနိုင်ကျော်အား NUG ၏ PDF များက ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များအပါအဝင် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများစွာက ရှုတ်ချထုတ်ပြန်စာများကို တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့သည်။

အမျိုးသားရေးလှုပ်ရှားပြီး တပ်မတော်ထောက်ခံသည်ဟု စွပ်စွဲချက်ဖြင့် အဆိုတော် လီလီနိုင်ကျော်အားလုပ်ကြံခဲ့သူ PDF အဖွဲ့ဝင် ဖိုးပြည့်ဆိုသူအား ကမာရွတ်မြို့နယ် လှည်းတန်းရှိ အဆောင်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးပို့ထားကာ သတ်ဖြတ်သူ ဖိုးပြည့်မှာ ဆံပင်ပုံစံပြောင်းလဲထားသော်လည်း CCTV မှတ်တမ်းများနှင့် အခြားအချက်များဖြင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဇွန်လ ၅ ရက်က ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *