April 20, 2024

၅. ၆. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာမှ PDF များ၏ ရက်စက်စွာသတ်ဖြတ်မှုကို ကြောက်ရွံ့၍ ထွက်ပြေးလာရသည့် မိသားစု ၃၀ ကျော်ထဲမှ လူဦးရေ ၆၀ ကျော်သည် ပဲခူးတိုင်းရှိ ရွာလေးတစ်ရွာတွင် ပိုင်ဆိုင်သမျှ စွန့်ပစ်ကာ အများပေးစာကမ်းစာဖြင့် ရှင်သန်နေရလေသည်။

ကံသစ် PDF များသည် ယခင်က ရောင်နီပြောက်ကျား တပ်ဖွဲ့အမည်ဖြင့် လှုပ်ရှားကြပြီး ယခုတွင် ကံသစ် LDF ဟု လှုပ်ရှားကြသလို ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page အတွက် ဓာတ်ပုံရိုက်ပေးသူမှာလည်း ကံသစ်ရွာမှ ဓာတ်ပုံဆရာလူမင်းဆိုသူဖြစ်သည်ဟုလည်း ဆိုသည်။

၂၀၂၁ နွေဦးဖြစ်စဥ်အစ PDF များ လက်နက်မကိုင်ကြမီကတည်းက ပစ်မှတ်ဖြစ်ခဲ့ရသူများမှာ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် USDP ပါတီ ဝန်းရံထောက်ခံကြသူများ၏ မိသားစုဝင်များဖြစ်သည်။ ထိုနည်းတူ ကံသစ်ရွာမှ စွန့်ခွာပြေးကြရသူများ မိသားစု ၃၀ ကျော် လူဦးရေ ၁၀၀ ကျော်သည်ကား USDP ပါတီကို မဲပေးထောက်ခံသူများဖြစ်၍ NLD, NUG ထောက်ခံသူများက လိုက်လံသတ်ဖြတ်ကြသည့်အဆုံး လုံးဝမနေနိုင်တော့သဖြင့် အိုးပစ်၊ အိမ်ပစ်၊ လယ်ယာပစ်ကာ ပိုင်ဆိုင်သမျှ တစ်ခုမှမရတော့သည့်ဘဝဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်။

“ကျွန်မတို့က USDP ပါတီ မဲပေးမိတာနဲ့ ထောက်ခံမိတာနဲ့ ပိုင်ဆိုင်သမျှ အကုန်လုယက်သတ်ဖြတ်ခံခဲ့ရတယ်။ ကျွန်မတို့မှာ ဘာအပြစ်ရှိလိုလဲ” ဟု PDF များသတ်ဖြတ်မှုကြောင့် ထွက်ပြေးပုန်းရှောင်နေရသည့် ဒေါ်မူမူ(အမည်လွှဲ) က ဆိုသည်။

ထို လူ ၁၀၀ ကျော် ကံသစ်စံပြရွာမှထွက်ပြေးရခြင်း မတိုင်မီက ရွာသူရွာသားများသည် အနီ၊ အစိမ်း မခွဲခြား ချစ်ကြည်ရိုင်းပင်းကူညီသော်လည်း နွေဦးတော်လှန်ရေးဂယက်က သွေးကြွလာချိန် ကံသစ်ရွာသားများဖြစ်သော ဇော်ဇော်၊ စိုးမြင့်ထွန်း၊ ခန့်ကို၊ ဖိုးထက်၊ ခန့်ညီ၊ ပြည့်ဇင်ဝေ၊ သူရိန်ထွန်း၊ ဖိုးသက်၊ ပိုင်စိုးဦး၊ ဖိုးခွက်၊ စိုးမိုးသူ၊ ငနိုင်၊ စိန်ထွန်း၊ သိန်းကို၊ စိန်လှိုင်၊ မြင့်ထွန်း(PDF ခန့် ကံသစ်ရွာ ရပ်ကျေးဥက္ကဋ္ဌ)၊ အောင်နိုင်၊ ဖိုးဇီး၊ ညိမ်းမိုး၊ မိုးဆန်း၊ တင်ကို၊ စိုးဦး၊ မင်းသူ၊ ဘဆိုင်၊ အောင်ဝင်း၊ ခင်မောင်လွင် စသည့် လူများ NUG လက်အောက်ခိုဝင်ကာ လက်နက်ကိုင်ချိန်မှ သွေးချောင်းစီး လုယက်သ-တ်ဖြတ်မှုများ အစပြုခဲ့ခြင်းဖြစ်ပြီး ကံသစ်ရွာသည် အမျိုးသား PDF ၁၀၀ ကျော်၊ အမျိုးသမီး PDF ၂၀ ကျော် ခိုနားရာဖြစ်လာခဲ့လေသည်။

ထို လူ ၁၀၀ ကျော် ၂၀၀ က လက်နက်ကိုင်ကြချိန် တစ်နှစ်ကျော်အတွင်း ကံသစ်ရွာမှ USDP ထောက်ခံသူများ၊ အကြမ်းဖက်မှုကို မထောက်ခံသည့် သာမန်တောင်သူများဖြစ်သော ဦးဝင်းကျော်၊ ဦးတိုးလှိုင်၊ ဒေါ်ခင်မာသင်း၊ ကိုရွှေပြေ့၊ ကိုမောင်ဦး၊ ဦးစန်းဝင်း၊ မခင်အုံးသဇင်၊ ကိုဖိုးတိတ်၊ ကိုမောင်ဇင်၊ ဦးမြင့်သိန်း၊ မကြီး၊ မမာတင် စသူ ၁၂ ဦးမှာ ဒလန်ဟုစွပ်စွဲကာ ရက်စက်စွာသတ်ဖြတ်ခံလိုက်ရသည်။ ထိုနောက်တွင်မတော့ ကျန် USDP ပါတီ ထောက်ခံသူများ၊ အကြမ်းဖက်မှုမထောက်ခံသော သာမန်တောင်သူများ ရွာတွင် မနေရဲတော့၍ လက်လွတ်ခြေလွတ်ထွက်ပြေးခဲ့ရလေသည်။

“၁၆ ရက် ၉ လ ၂၀၂၁ မှာ သိန်းကိုတို့က တိုးလှိုင်ကို စပြီးသတ်တယ်။ တိုးလှိုင်က မြေဆီကြဲနေချိန်မှာ သတ်လိုက်တာ။ ဇော်ဇော်၊ သိန်းကို၊ မိုးဆန်း၊ ငြိမ်းမိုး၊ စိုးဝေဇော်၊ အောင်နိုင်၊ ဖိုးသက်၊ စိုးဝေထွန်း သူတို့ဦးစီးပြီး ဝိုင်းပြီးသတ်လိုက်တာ။ ဒါကို တပ်ကသတင်းရလို့ လာတော့ ၂၄ ယောက်အဖမ်းခံလိုက်ရတယ်။ ဒါကိုပဲ အပြစ်မရှိဘဲ ဖမ်းသလိုလို ဝါဒဖြန့်ကြတယ်” ဟု ကံသစ် PDF များလက်မှ တိမ်းရှောင်နေရသူ အမျိုးသားတစ်ဦးက ဆိုသည်။

ထို့နောက်တွင်မတော့ ကံသစ်တစ်ရွာလုံးသည် PDF များ၊ PDF တို့၏ မိသားစုဆွေမျိုးများချည်းလိုလိုဖြစ်သွားသလို ရပ်ရွာကိုစွန့်ပစ်ထွက်ပြေးရသော USDP ထောက်ခံသူ မိသားစု ၃၀ ကျော်၏ လယ်များ၊ အိမ်များ၊ ပိုင်ဆိုင်မှုများကို PDF ရန်ပုံငွေအဖြစ် အသုံးပြုလိုက်လေသည်။

“အမတို့ရဲ့ ဆုံးရှုံးနစ်နာမှုဆိုရင် PDF တွေကနေ မီးရှို့လို့ ဒေါ်ယဉ်မြက နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၃၀၀ ကျော် ဆုံးရှုံးပါတယ်။ ဒေါ်ယဉ်မြရဲ့ သားသမီးတွေနေဖို့ ဆောက်ထားတဲ့ အိမ်နဲ့အတွင်းပစ္စည်းက သိန်း ၃၀၀ ကျော်၊ ဒေါ်မူက နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၅၅၀ လောက် ဆုံးရှုံးတယ်။ ပြီးတော့ ဦးဝင်းရွှေက နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၅၀၀ ဖိုးလောက်၊ ဦးဝင်းဆွေက နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၂၅၀ ဖိုးလောက်၊ မိုးဆွေဦးက နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၁၅၀ ဖိုးလောက်ပျက်စီးတဲ့အပြင် ခင်နှင်းဦးကလည်း သူ့နေအိမ်နဲ့ အတွင်းပစ္စည်း သိန်း ၅၀ ဖိုးလောက်မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်။ မီးမရှို့ဘဲ လုယက်ယူသွားတာ၊ သိမ်းသွားတာဆိုရင် အိမ်ပေါင်း ၂၇ အိမ်က သိန်း ၃၀၀၀ နီးပါးနဲ့ စပါးတင်း ၁၃၀၀ ကိုလည်း သိမ်းသွားတယ်” ဟု ကံသစ် PDF များ လုယက်ယူငင်မှုကို စာရင်းမှတ်ထားသူ ဒေါ်နန်းနန်း(အမည်လွှဲ) က ဆိုသည်။

ကံသစ် PDF များ ရက်စက်မှုက ထိုမျှ မကသေးပါ။

ထိုကံသစ် PDF များသည် ရွာသူ ရွာသား ၁၂ ယောက်ကို သတ်ဖြတ်ရုံသာမက မေလ ၁၀ ရက်တွင်လည်း ရသေ့ရွာမှ ပြည်သူ့စစ်တစ်ဦးနှင့် ရေဦးအခြေစိုက်တပ်မှ တပ်သားတစ်ဦးကို လည်လှီးသတ်ဖြတ်ကာ ကိုယ်လုံးများ ရေမျှော၍ ဦးခေါင်းများကို မူးမြစ်ဘောင်ပေါ်တင်ပြီး ကံသစ်ရွာမှထွက်ပြေးသည့် ရွာသားများထံ ပုံပို့ကာ “ဒီလိုသေချင်လာခဲ့” ဟု ခြိမ်းခြောက်ခဲ့သေးသည်။ ထို့ပြင် တိမ်းရှောင်ထွက်ပြေးနေရသည့် မိသားစု ၃၀ ကျော်၏ လယ်များကို အပိုင်စီး၍ PDF ရန်ပုံငွေအတွက် စိုက်ပျိုးကြသည့်ပုံများကိုလည်း လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ကာ အောင်ပွဲခံခဲ့ကြပုံကို လူသိရှင်ကြား ဖော်ပြခဲ့ပြန်သေးသည်။

ထို့ပြင် မေလ ၂၀ ရက်ကလည်း ကံသစ်ရွာမှ တပ်မတော်သားအ ငြိမ်းစား ဦးမြင့်သိန်းနှင့် ဇနီး ဒေါ်မာတင်တို့ကို ကံသစ် PDF များက ဖမ်းဆီးအစဖျောက် သတ်ဖြတ်ခဲ့သလို ဇွန်လ ၂ ရက်ကလည်း ကံသစ် PDF များဦးဆောင်၍ ခင်ဦးမြို့နယ်ရှိ ဇလီဖားတုံးစက်ရုံကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြန်သည်ဟု သိရသည်။

တစ်ရွာလုံးရဲရဲတောက်ပြီး လက်နက်ကိုင်နေသည့် ကံသစ်ရွာသည် တပ်မတော်၏ စစ်ကြောင်းထိုးမှုကတော့ မလွတ်ပါ။ ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ၊ နိုဝင်ဘာလ၊ ၂၀၂၃ မေလ ၁၉ ရက်နှင့် ဇွန်လ ၄ ရက်တွင် စီးနင်းတိုက်ခိုက်ခံခဲ့ရသလို နှစ်ဖက်တိုက်ပွဲအကြား ရွာရှိနေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရလေသည်။ ထိုဖြစ်စဥ်တွင် ရယ်ရွှင်ဖွယ်ဖြစ်ရသည်မှာ ၂၀၂၂ ဇွန်လ ၁၀ ရက်က ကံသစ်ရွာကို စစ်တပ်မီးရှို့ဖျက်ဆီးသည်ဟုဆိုကာ သတင်းမီဒီယာများထံ မူဗီရိုက်ပို့သော ရုပ်သံမှာ တပ်မတော်ထောက်ခံသူမိသားစုသုံးဦး၏ နေအိမ်များဖြစ်နေပြီး ထိုနေအိမ်များကို ကံသစ် PDF များကသာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း နေအိမ်ဖျက်ဆီးခံရသည့် အိမ်များမှ မိသားစုဝင်တစ်ဦးက အခိုင်အမာပြောလာခြင်းဖြစ်သည်။

တစ်ချိန်က သာယာလှပအေးချမ်းခဲ့သော ကံသစ်စံပြရွာလေးသည် လက်ရှိအချိန်တွင်မတော့ မြေမြှုပ်မိုင်းများ၊ မီးလောင်ပြင်များဖြင့် တိုက်ပွဲဖြစ်ရာ တစပြင်အသွင်ဆောင်နေသလို USDP ပါတီထောက်ခံမိသူ မိသားစု ၃၀ ကျော်၏ ဘဝကို ဖျက်ဆီးသတ်ဖြတ်ကာ ပိုင်ဆိုင်မှုများသိမ်းယူစဥ်က အောင်ပွဲခံခဲ့သူများမှာလည်း လက်ရှိတွင်မတော့ တူသောအကျိုးပြန်ခံစားနေရပြီဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ နွေဦးဖြစ်စဥ်အပြီး အပြန်အလှန်သတ်ဖြတ်ပွဲများအတွင်း NUG ၏ လူ ၃၀၀၀၀ ကျော် သတ်ဖြတ်မှုအပါအဝင် လူ ၄၀၀၀၀ အောက် သေဆုံးထားရလေသည်။ ထိုအထဲတွင် လူ ၄၀၀၀ ကျော်မှာ အစိုးရဝန်ထမ်း၊ လခရ စသည့်မိသားစုဝင်များမဟုတ်ဘဲ သာမန်အပြစ်မဲ့ပြည်သူများသာဖြစ်ပြီး ထိုလူအားလုံးလိုလိုမှာ “ဒလန်၊ သူလျှို” စသလိုစွပ်စွဲကာ သ-တ်ဖြတ်ခံထားရခြင်းဖြစ်သည်။ ထိုမျှမကသေးပါ နေအိမ်အလုံး ၄၀၀၀၀ ကျော်မှာလည်း နှစ်ဖက်တိုက်ပွဲများအကြား မီးရှို့ဖျက်ဆီးခံထားရသလို ကံသစ်ရွာလို ပျက်သုဥ်းရသည့် ရွာများလည်း မနည်းတော့ပါ။ ထိုသို့သော အဖြစ်အပျက်ဆိုးများ မည်သည့်အချိန်မှ ရပ်တန့်မည်နည်းဆိုသည်မှာမူ ယနေ့အချိန်အထိ အဖြေမရှိသေးသော ပုစ္ဆာတစ်ပုဒ်ဟုသာ….။

Leave a Reply

Your email address will not be published. Required fields are marked *