၅. ၆. ၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက သားအဖနှစ်ဦး ရေတွင်းပြုပြင်ရာမှ အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (မြင်းခြံမြို့)မှ တာဝန်ရှိသူထံက သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ ၄၈ မိနစ်ခန့်တွင် အမှတ် (၄)ရပ်ကွက်၊ နယ်မြေ (၁၁)ရှိ အကျယ်သုံးပေခန့်၊ အနက် ပေ ၃၀ ခန့်ရှိသော ရေတွင်းအား ဦးဘိုသန်း အသက် (၅၅ )နှစ်မှ ရေတွင်းအတွင်းပိုင်း အင်္ဂတေကပ်ပြုပြင်ရာ၊ အောက်ဆီဂျင်ပြတ်တောက်ကာ သတိလစ်နေသည်ကို သားဖြစ်သူ မောင်ပြည့်စုံ အသက် (၁၈)နှစ်မှ ထပ်မံ ဆင်း၍ဆယ်ယူရာတွင် ၎င်းပါ ထပ်မံသတိလစ်နေသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သတင်းရရှိသဖြင့် ဦးစီးအရာရှိ ဦးသန်းမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသားနှစ်ဦး၏ သေဆုံးနေသည့် ရုပ်အလောင်းများအား နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် က “မိဘပြည်သူတွေအနေနဲ့ အောက်ဆီဂျင်ပြတ်လပ်နိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေဆိုးကျင်း ၊ မိလ္လာကျင်း ၊ ရေတွင်းဟောင်း ၊ ရေတွင်းပျက်တွေကို အရဲစွန့်ပြီးမဆင်းဖို့နဲ့ တတ်ကျွမ်းနားလည်တဲ့ သက်ဆိုင်ရာဌာနတွေကို သတင်းပေးပို့ပြီး အကူအညီရယူဖို့ အကြံပြု သတိပေးနှိုးဆော်ချင်ပါတယ်”ဟု MT News ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အရုပ်အလောင်းများအား သွားရောက်သယ်ယူကူညီပေးခဲ့သည့် အဖြူရောင်လက်များ ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကလည်း အဆိုပါ ရေတွင်းမှာ မိုခါ မုန်တိုင်းတိုက်စဥ်အချိန်က မိုးကြီးကာ ရေဝင် ပျက်စီးနေသည့် တွင်းဖြစ်ကြောင်း၊ အဆိုပါတွင်းကို အိမ်သားတစ်ဦးက ပြန်ဆယ်၊ ပြုပြင်ရာတွင် အဖေ ဖြစ်သူ အန္တရာယ်ဖြစ်နေသည်ကို သားဖြစ်သူက ဆင်းဆယ်ရင်း သားအဖ နှစ်ဦးစလုံး သေဆုံးရခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့မှ အသင်းကို ခေါ်ယူ အကူအညီတောင်းသဖြင့် ရုပ်အလောင်းများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးကို အသင်းပိုင်ကားဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *