ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်မြို့သို့လာရောက်စဉ် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသော မလေးရှားနိုင်ငံသူအမျိုးသမီး အသက် ၂၂ နှစ်ရှိ အန်ဂီ ချုံဆမ်ရီ ကိုတွေ့ရစဉ်။

◾️ ကာစီနိုရုံများရှိပြီး ထိုင်းနိုင်ငံသားများပါ စီးပွားရှာကြသည့် တာချီလိတ်ဘက်တွင် ပျောက်ဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကိုပါ စိစစ်ရှာဖွေနေ

၅. ၆. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော အသက် ၂၂ နှစ်ရှိ မလေးရှားအမျိုးသမီးတစ်ဦးမှာ မြန်မာနိုင်ငံနှင့် နယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဆိုင်မြို့များသို့ပါ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မိသားစုနှင့်လည်း အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးလျက်ရှိရာ ၎င်း၏မိသားစုကလည်း စိုးရိမ်ပူပန်လျက်ရှိပြီး ထိုင်းတာဝန်ရှိသူများကလည်း မြန်မာတာဝန်ရှိသူများနှင့်ပါ ဆက်သွယ်ရှာဖွေနေကြောင်း သိရသည်။

အန်ဂီ ချုံဆမ်ရီ အမည်ရှိ အဆိုပါအမျိုးသမီးက ချင်းရိုင်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်စဉ်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို လူမှုကွန်ရက်မှ ပေးပို့ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိခင်ကပြောကြားခဲ့သည်။ အန်ဂီ၏ မိခင်က သမီးဖြစ်သူမှာ အန္တရာယ်တစ်စုံတစ်ခုကြုံတွေ့နေရသည်ဟု ထင်မြင်ကာ စိုးရိမ်လျက်ရှိသည်။

ဇွန်လ ၂ ရက်အထိ အန်ဂီက လူမှုကွန်ရက်တွင် ဓာတ်ပုံများပို့လျက် မိခင်ဖြစ်သူနှင့် အဆက်အသွယ်ပြုခဲ့သည်။ အန်ဂီမှာ မေလ ၂၉ ရက်တွင် ချင်းမိုင်မြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းက မိခင်ထံ ချင်းမိုင်၊ ချင်းရိုင်မြို့များသို့ခရီးစဉ်များမှ ဓာတ်ပုံများအပြင် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့်တစ်ဖက်ကမ်းရှိ မယ်ဆိုင်မြို့အထိ ခရီးစဉ်ဓာတ်ပုံများကိုပေးပို့ခဲ့ကြောင်း သိရသည်။

၎င်းတို့တွင် မယ်ဆိုင်နှင့် တာချီလိတ်မြို့များအကြား နယ်စပ်စစ်ဆေးရေးဂိတ်ပုံများလည်းပါဝင်ကာ ထိုပုံများပေးပို့ပြီးနောက် အန်ဂီနှင့် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောခဲ့သည်။ အန်ဂီ အနေဖြင့် နယ်စပ်ကိုဖြတ်၍ ကာစီနိုရုံကြီးများရှိရာနှင့် ထိုင်းနိုင်ငံသားများနှင့် အခြားသောနိုင်ငံသားများပါ သွားရောက်စီးပွားလုပ်ကိုင်ကြရာ တာချီလိတ်မြို့ဘက်သွားရောက်စဉ် အန္တရာယ်တစ်စုံတစ်ခုနှင့် ကြုံနေခြင်းဟုလည်း မိခင်ဖြစ်သူက ထင်မြင်လျက်ရှိသည်။

ယခုအခါ ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က တာချီလိတ်မြို့စစ်ဆေးရေးဂိတ်ရှိ မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများနှင့် ဆက်သွယ်ကာ အန်ဂီအနေဖြင့် တာချီလိတ်မြို့ဘက်သို ဖြတ်ကူးလာခဲ့သေးလောဟု လုံခြုံရေးကင်မရာများကိုပါ စစ်ဆေးနေကြောင်း သိရသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *