April 20, 2024

၅. ၆. ၂၀၂၃
Written by Pan Ei

ထိပ်တန်း ဘောလုံးကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ် ဟာ မနေ့ညက မီလန်အသင်းရဲ့ကွင်းမှာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပြီး ဘောလုံးလောကကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ဇလာတန် အီဘရာဟီမိုဗစ် ဟာ ဆွီဒင်လက်ရွေးစင်ကစားသမားတွေထဲမှ တစ်ဦးဖြစ်ရုံသာမကဘဲ ကမ္ဘာပေါ်မှာ အောင်မြင်မှုများစွာနဲ့ အသိအမှတ်ပြုခံထားရတဲ့ ဘောလုံးကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဆွီဒင်ဘောလုံးကြယ်ပွင့် ဇလာတန် ရဲ့ အေစီမီလန်အသင်းနဲ့စာချုပ်ဟာ ဇွန်လကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူဟာ ဒဏ်ရာပြဿနာတွေကြောင့်လည်း ရာသီကုန်ပြီးနောက်မှာ သက်တမ်းတိုးတော့မှာမဟုတ်တာကြောင့် သူ့ဘဝရဲ့ ရှည်လျားပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ ကစားသမားဘဝကို ရုတ်တရက်ဆိုသလိုပဲ အဆုံးသတ်သွားခဲ့ပါတယ်။

ဇလာတန်ဟာ အေစီမီလန်အသင်းကို ၂၀၁၁ ခုနှစ်တုန်းက စီးရီးအေဖလားယူပေးနိုင်ခဲ့သလို ၂၀၂၀ မှာလည်း မီလန်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာချိန်မှာလည်း စီးရီးအေချိန်ပီယံဆုကို ထပ်ယူပေးနိုင်ခဲ့ပါတယ်။

နှုတ်ဆက်ပွဲမှာ “ကျွန်တော် ဘောလုံးကို နှုတ်ဆက်ပါတယ်။ ဒီကွင်းထဲမှာ အမှတ်တရတွေနဲ့ ခံစားချက်တွေ အများကြီးပါပဲ” လို့ ဇလာတန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ပထမတစ်ခေါက်ရောက်တုန်းက ပျော်ရွှင်မှုတွေရခဲ့သလို ဒုတိယတစ်ခေါက်မှာလည်း အချစ်တွေရခဲ့တယ်။ စိတ်ရှည်သည်းခံမှုတွေအတွက် မိသားစုနဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ချင်ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေနဲ့ ဝန်ထမ်းတွေက ကျွန်တော့်အပေါ် တာဝန်ကျေပေးခဲ့ပါတယ်။ အခွင့်အရေးပေးခဲ့တဲ့ ဒါရိုက်တာတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ နောက်ဆုံးအနေနဲ့ နှလုံးသားထဲက ပရိတ်သတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ ဘောလုံးကို နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ” လို့ ဇလာတန်က မျက်ရည်တွေကို တွန်းလှန်ရင်း ထပ်မံပြောကြားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတင်ဟာ ၁၉၉၉ ခုနှစ်က မယ်လ်မိုအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး အေဂျက်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်နဲ့ အေစီမီလန်စတဲ့ ဥရောပထိပ်တန်းအသင်းတွေမှာ ကစားခဲ့သလို သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ၅၁၁ ဂိုး သွင်းယူခဲ့ကာ နိုင်ငံလေးခုမှာ လိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ဆွီဒင်လက်ရွေးစင်ဘောလုံးအသင်းအတွက်လည်း ၁၂၁ ပွဲကစားခဲ့ပြီး ၆၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

နှုတ်ဆက်ပွဲမှာ ပရိသတ်က Goodbye စာလုံးအစား “GOD BYE” ဆိုတဲ့ စာလုံးဖော်ကာ နှုတ်ဆက်ခဲ့ကြသလို ပရိသတ်တွေကိုမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့တဲ့ ဇလာတန်ကို ပရိသတ်တွေကလည်း မျက်ရည်တွေနဲ့အတူ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *