၅. ၆. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် သဒ္ဒါရုံလမ်းနှင့်ဇောတရုံလမ်းထိပ်တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်မီးတက်ရောက်ပြုပြင်ရင်း ဓာတ်လိုက်ကာပြုတ်ကျသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သာကေတလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ ဓာတ်တိုင်ပေါ်မှာ လျှပ်စစ်ဝန်ထမ်း ပြုတ်ကျကာ သတိလစ်နေကြောင်း ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကာ ကူညီပေးခဲ့ကြောင်း သိရသည်။

“ဖြစ်တဲ့ကောင်လေးက အသက် ၂၀ ဝန်းကျင်ပဲ ရှိဦးမယ်။ EPCက Project အဖွဲ့ အဲ့ဒီနားတဝိုက်က ဓာတ်တိုင်တွေက မီးကြိုးတွေ ရှင်းနေတာ ဝန်ထမ်းတွေလည်း အများကြီးပဲ။ သူတို့ ဓာတ်တိုင်ကနေ ဓာတ်လိုက်တာတော့ မဟုတ်ဘူး။ အဲ့ဒီဝန်ထမ်း တက်ရတဲ့တိုင်မှာ အင်တာနက် လိုင်းကုမ္ပဏီတစ်ခုဝိုင်ဖိုင်ပုံးရှိတယ်။ မီးပျက်လည်း သုံးလို့ရအောင်ဆိုပြီး ကုမ္ပဏီဘက်က ဘတ္ထရီနဲ့ ချိတ်ဆက်ထားတဲ့အတွက် အဲဒီကနေ ဓာတ်လိုက်ပြီး ပြုတ်ကျတာပါ။ ဝန်ထမ်းအတွက် ကံကောင်းသွားတာက ဘေးနားက မြောင်းထဲ ဗွက်ထဲကို ကျတာကြောင့် သတိလစ် ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရခဲ့ပါတယ်”ဟု မြေပြင်ကုသကူညီရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် သာကေတ လူမှုကူညီဆယ်ရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူနာအမျိုးသားအား သုမန လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း သာကေတမြို့နယ် ရှုခင်းသာအိမ်ယာဝန်းအတွင်း Wifi Cable ကြိုးတက်ရောက်ပြုပြင်သော လူငယ်တစ်ဦး ဓာတ်လိုက်ခံရသဖြင့် သေဆုံးခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး မတ်လ ၃၀ ရက်ကလည်း သာကေတမြို့နယ် ၆/နောက်ရပ်ကွက် ရွှေပြည်သာလမ်းမ ဝေဇယန္တာလမ်းဆုံရှိ ဓာတ်တိုင်တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦး လျှပ်စစ်ဓာတ်အားလိုင်းတက်ရောက်ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *