April 29, 2024

MT News

Written by Peya

ယခုနှစ်အတွက် ဒုတိယဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေမှာ ပျက်သွားပြီဖြစ်သော်လည်း အထက်လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံကို ဝင်မည်ဖြစ်သောကြောင့် ဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် မိုးကောင်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ လေ့လာသုံးသပ်တင်ပြသူ ဦးဝင်းနိုင်၏ ပြောကြား အသိပေးထားချက်များအရ သိရသည်။

ရခိုင်ပြည်နယ်သို့ မိုခါအပြီး ဝင်ရောက်မည့် ဒုတိယဆိုင်ကလုန်မုန်တိုင်း ဖြစ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်း အဆင့်သို့ မရောက်တော့ဘဲ မုန်တိုင်းဖြစ်နိုင်ခြေမှာ ဇွန်လ ၄ ရက်တွင် ပျက်သွားပြီ ဖြစ်သော်လည်း အထက်လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်း ဝင်ရောက်မည် ဖြစ်သည်။

“ဇွန်လ ၄ ရက်နေ့ မော်တင်စွန်းနားမှာ ဖြစ်လာတဲ့ အထက်လေပွေလှိုင်းက ကုန်းတွင်း(ဧရာဝတီမြစ်ကျွန်းပေါ်ဒေသ)သို့ ဝင်သွားပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသ၊ ကုန်းတွင်းမှာပဲ လေပွေလှိုင်းအဖြစ်ရွေ့လျားနေခဲ့ပြီး ဇွန်လ ၇ ရက် ညနေ ၆ နာရီမှာ ကွမ်းခြံကုန်းမြစ်ပေါက် မုတ္တမကွေ့ပင်လယ်ပြင်ကို ရောက်လာမယ်လို့ တွေ့ရပါတယ်။ ဇွန်လ ၈ ရက် ညနေ ၅ နာရီမှာတော့ အရှေ့မြောက်ဘက်(အင်းတကော်နဲ့ ပဲခူးမြို့များဘက်)ကုန်းတွင်းကို ပြန်လည်ဝင်ရောက်သွားပြီး၊ မြောက်ဘက်ကိုဆက်လက်ရွေ့လျားဝင်ရောက်သွားရာမှာ ဇွန် ၁၂ ရက် နံနက် ၃ နာရီအချိန် မိုးကုတ်မြို့အနီးရောက်သည်အထိ ဖြစ်ပါတယ်” ဟု ဦးဝင်းနိုင်က ရရှိထားသည့် အချက်အလက်ကို ကိုးကားကာ ရေးသားထားသည်။

ယခင် ခန့်မှန်းခဲ့သည့် လမ်းကြောင်းမှ အရှေ့ဘက်သို့ ရောက်သွားသောကြောင့် ဘင်္ဂလားပင်လယ်အော် ရေပြင်ဘက်သို့ မရောက်တော့ဘဲ ကုန်းတွင်း လေပွေလှိုင်း အဖြစ်သာ မြောက်ဘက်ကို ဆက်လက်ဝင်ရောက်သွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့ကနေ ဇွန် ၁၂ ရက်အထိ ၁၀ ရက်အတွင်းမှာဆိုရင် တနင်္သာရီကမ်းရိုးတန်းနဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေမှာ မိုးရေချိန် ၂၀ လက်မလောက်ထိကို ရွာနိုင်တယ်။ ကယားပြည်နယ်၊ မွန်ပြည်နယ်မှာက ၁၀ လက်မအထိ ရွာနိုင်တယ်။ ရန်ကုန်တိုင်းမှာလည်း ၈ လက်မလောက်ထိ ရွာနိုင်တယ်။ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး အဲ့ဒီနေရာတွေမှာတောင်မှ ၅ လက်မအထက်လောက်ထိရွာနိုင်တယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းဒေသတွေမှာဆို ၇ လက်မအထိ ရွာနိုင်တယ်” ဟု ဦးဝင်းနိုင်က အသိပေးထားသည်။

ထို့ ဇွန်လ ၄ ရက် ည ၉ နာရီတိုင်းထွာချက်များအရ လေဖိအား နည်းရပ်ဝန်း (Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေလျော့နည်းသွားပြီး မုတ်သုံလေအားကောင်းလာနိုင်သည့် အခြေအနေသာ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ခန့်မှန်းထားပြီး ထိုသို့ မုတ်သုံလေအားကောင်းလာခြင်းကြောင့် မေလ ၈ ရက်မှ ၁၅ ရက်အတွင်း နိုင်ငံတစ်ဝန်းတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *