April 20, 2024

MT News

Written by Ye Kyaw

တရုတ်နိုင်ငံဘက်တွင် ဖမ်းဆီးခံထားရသည့် ကျပ်သိန်းပေါင်း သုံးသိန်းခန့်ရှိ မြန်မာနိုင်ငံသားများပိုင် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း စသည့်ကုန်စည်များကို ဇွန်လ ၆ ရက်တွင် ၎င်းတို့၏ တရုတ်နိုင်ငံသားများကို လေလံတင်ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ် ကုန်သည်များထံမှ သိရသည်။

“ပဲတို့၊ နှမ်းတို့၊ မြေပဲတို့၊ ပဲတီစိမ်းတို့ အပါအဝင် တန်ချိန် နှစ်သောင်း၊ အိတ်ရေလေးသိန်း၊ တန်ဖိုးကတော့ သိန်းပေါင်း သုံးသိန်းလောက် ရှိတယ်။ ဒီဟာတွေကို ဧပြီ ၂၄ ရက်ကတည်းက ချိပ်ပိတ်ထားတာ။ အဲဒါတွေကို ဒီဇွန် ၆ ရက်မှာ လေလံတင်မယ်လို့ကြားတယ်” ဟု မူဆယ်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ဘက်ခြမ်း ရွှေလီမြို့နှင့် ဝမ်တိန်မြို့အတွင်း ဂိုဒေါင်ခြောက်လုံးတွင် မြန်မာနိုင်ငံသား ရာနှုန်းပြည့်ပိုင်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း စသည့်ကုန်ပစ္စည်းတန်ချိန်နှစ်သောင်း (အိတ်ရေ လေးသိန်း) ကို ယူနန်ပြည်နယ်အပြင် အခြားသောမြို့များသို့ နယ်ကျော်ပို့ဆောင်မှုနှင့် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ သံအမတ်ကြီးအဆင့်အထိ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ဒီဘက်ကနေ သံအမတ်ကြီးအဆင့်နဲ့တောင် တင်ပြတယ်။ သူတို့ဘက်က ဘာပြောလဲဆိုတော့ သူတို့နိုင်ငံထဲမှာ ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် တည်ဆဲဥပဒေ၊ စည်းကမ်းအရ အရေးယူတာပါလို့ ပြန်ပြောလာပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ချိပ်ပိတ်ထားသည့် မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း စသည့် ကုန်စည်တန်ချိန် နှစ်သောင်းအား တရုတ်နိုင်ဘက်ရှိ ရွှေလီခရိုင်ရုံးတွင် ၎င်းတို့၏ တရုတ်နိုင်ငံသားများကို လေလံတင် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပစ္စည်းတွေရဲ့ ပိုင်ရှင်ဦးရေတော့ ထုတ်ပြောထားတာ မရှိဘူး။ ကုန်သည်ဘယ်နှစ်ယောက်လောက်ပါလဲဆို‌တာ မသိဘူး။ လေလံကိုတော့ ရွှေလီခရိုင်ရုံးပေါ့။ ရွှေလီနဲ့ ဝမ်တိန်က သုံးမိုင်လောက်ပဲ ဝေးတာလေ။ ရွှေလီမှာပဲ လုပ်မှာ။ သူတို့နိုင်ငံသားတွေကိုပဲပြန်ပေးမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းတင်ပို့သူများအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံစလုံးတွင် တရားဝင်အခွန်များပေးဆောင်ပြီး တင်ပို့လျက်ရှိပြီး ယခုကဲ့သို့ ဆောင်ရွက်နေမှုသည် အနည်းဆုံး ဆယ်စုနှစ် ၂ ခုအထိရှိပြီဖြစ်ကြောင်း၊ ယခုတင်ပို့ထားသည့် ပဲ၊ နှမ်း၊ မြေပဲ တန်ချိန်နှစ်သောင်းကိုမူ ယူနန်ဒေသအပြင် တရုတ်နိုင်ငံရှိ အခြားသောဒေသများသို့ နယ်ကျော် ပို့ဆောင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရုတ်နိုင်ငံဘက်သို့ ပဲ၊ နှမ်းများတင်ပို့နေမှုများ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံ့တာဝန်ရှိသူများက ကူညီဖြေရှင်းပေးစေလိုနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *