April 16, 2024

MT News

ကျောင်းဖွင့်၍ တစ်ပတ်မပြည့်ခင်အချိန်အတွင်း ကျောင်းနှစ်ကျောင်း မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးခံထားရပြီး ယခုလည်း ဖယ်ခုံအထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရသည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဇွန် ၃ ရက် ည ၁၁ နာရီခန့်တွင် PDF များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား လာရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး မီးရှို့ ဖျက်ဆီးမှုကြောင့် အဆိုပါကျောင်းဝန်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေခန့် ရှိ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင်တစ်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါကျောင်းသည် ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဆရာ၊ ဆရာမ ၄၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၀၅၈ ဦးဖြင့် ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ပထမဖြစ်စဥ်မှာ ဇွန်လ ၂ ရက်တွင် ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး၊ စုစုပေါင်း ၁၇၀ ဦး ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိသည့် တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ) အား လက်လုပ်ရီမုမိုင်းနှစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ မေလ ၃၁ ရ​က်ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအား ကျောင်းမဖွင့်ရန် Hopin PDF က ခြိမ်းခြောက်စာတစ်စောင်နှင့် ကျည်ဆံတစ်တောင့် ပေးပို့ခြိမ်းခြောက်မှုလည်း ဖြစ်ပွားထားသည်။

၂၀၂၁ ဖြစ်စဥ်အပြီးတွင် NUG နှင့် PDF များက လက်နက်မဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းများကို “စကစယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့သည်” စွပ်စွဲချက်ဖြင့် လိုက်လံသတ်ဖြတ်မှုများပြုသည့်အတွက် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများအပါအဝင် ပညာရေးဝန်ထမ်း ၆၆ ဦးသတ်ဖြတ်ခံထားရပြီး ၂၅ ဦး ဒဏ်ရာရရှိထားသည်။ ထို့ပြင် NUG၊ CRPH နှင့် PDF များက စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News