MT News

Written by Peya

ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက်အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ဇွန်လ ၂ ရက်တွင် ပြောသည်။

သံအမတ်ကြီး Mr. Chen Hai သည် ဇွန်လ ၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ဥတုဇရုပ်ကလပ်တော်ကို ဖူးမြော်ကြည်ညိုခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းအတွက် အရေးပါစွာ အကျိုးပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဗန်းမော်ဆရာတော်ကြီး သက်တော် ၉၀ အရွယ်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းတို့နှင့် ကူးလူးဖလှယ်ခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်မှ ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက် အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းကို ဆက်လက်လက်ဆင့်ကမ်း အမွေဆက်ခံကာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တာဝန်ခံကို သံအမတ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမ စျာပနအခမ်းအနားကို ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် နိုင်ငံတော်အဆင့် ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၆ ရက် ညနေပိုင်း ၃ နာရီ အချိန်တွင် ရုပ်ကလပ်တော်ကို ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းသို ပင့်ဆောင်မီးပူဇော်ပြီး ကြွင်းရစ်သောအရိုးပြာတော်ကို ဧရာဝတီမြစ်သို့ မြောစေမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News