ဓာတ်ပုံ- ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်

၁၉. ၁၀. ၂၀၂၂

Written by Naing Thuta

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) အနီး မီးပုံးပျံကွင်းအတွင်း လာမည့် နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလဆန်း ၁၂ ရက်) မှ နိုဝင်ဘာ ၈ ရက်( တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်) အထိ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“နောက်လမှာ ပွဲကျင်းပမှာ ဟုတ်ပါတယ်။ လာရောက်တဲ့ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်အောင် စီစဉ်ထားပါတယ်၊၊ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီလည်း တတ်နိုင်သလောက် လုပ်ထားပေးမယ်။ ဒီနှစ်က အရင်နှစ်တွေနဲ့မတူတဲ့အတွက် လုံခြုံရေးကိုပါ အထူးဂရုစိုက်ပြီး လုပ်ပေးသွားပါမယ်၊၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးလည်း ချောမွေ့အောင် သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး ကြိုတင်စီမံချက်များနဲ့ လုပ်ဆောင်နေပါတယ်။ ဒီနှစ်က ပွဲစီစဉ်ရတဲ့အချိန် အရမ်းနည်းလို့ အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်သွားမှာပါ “ဟု ပြင်ဦးလွင် လူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းပွဲအတွက် ပွဲစျေးဆိုင်ခန်းမြေနေရာများကို ယခုအချိန်မှစပြီး လေလံဆွဲ၍ ဌားရမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ “ဆိုင်ခန်းတွေကတော့ တစ်နေရာနဲ့တစ်နေရာ စျေးနှုန်းက မတူကြဘူး။ မျက်နှာစာပေါ်မူတည်ပြီး စျေးတွေကွာပါတယ်။ အနည်းဆုံးတစ်သိန်း၊ နှစ်သိန်း ပွဲယူတဲ့ရက်ပေါ်မူတည်ပြီး ငှားမှာပါ။ ပြီးတော့ သူတို့ယူတဲ့ ပေပေါ် မှာလည်း စျေးနှုန်းကွာမှာပါ။ ကုမ္ပဏီပေါ်လည်း မူတည်ပြီး စျေးကိုသတ်မှတ်သွားမှာပါ”ဟု ပွဲစီစဉ်သည့်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါပွဲ​တော် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ပြင်ဦးလွင်တန်ဆောင် တိုင်ပွဲတော်တွင် ညမီးကျည်မီးပုံးပျံ အလုံး ၂ဝ၊ စိန်နားပန် မီးပုံးပျံ ၁၈ လုံးနှင့် နေ့အလှ မီးပုံးပျံ ၄၄ လုံးလွှတ်တင် ယှဉ်ပြိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်အောင် ကြိုးစားသွားမည်ဟု ပြင်ဦးလွင် လူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲသည် တောင်ကြီးတန်ဆောင်တိုင်ပွဲပြီးလျှင် ဒုတိယအကြီးကျယ်ဆုံးနှင့် အစည်ကားဆုံးပွဲတော်လည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News