အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်အတွင်း ဇွန်လ ၂ ရက် ညပိုင်းက ရထားတိုက်မိမှု မြင်ကွင်းကိုတွေ့ရစဉ်။

၃. ၆. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်အတွင်း ဇွန်လ ၂ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီ(ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီ) ခန့်တွင် လူစီးရထားနှစ်စီးတိုက်မိမှုကြောင့် ဇွန်လ ၃ ရက် နံနက်ပိုင်းအထိ သေဆုံးသူဦးရေမှာ အနည်းဆုံး ၂၃၃‌ ဦးအထိမြင့်တက်လာပြီး ၉၀၀ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းက အိန္ဒိယနိုင်ငံသမိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးဝါးဆုံးသော ရထားမတော်တဆမှုလည်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်၏ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ပရာဒိ ဂျီနာကလည်း ရထားတိုက်မှုကြောင့် သေဆုံးရသူဦးရေမှာ မြင့်တက်လာနိုင်သေးကြောင်း ပြောခဲ့သည်။ ထို့ပြင် ရထားတိုက်မှုဖြစ်ပွားရာ အိုဒီရှာခရိုင်၊ ဘာလာဆိုခရိုင်သို့ လူနာတင်ယာဉ်အစီး ၂၀၀ ကျော်နှင့် ဆရာဝန် ၁၀၀ ခန့် ရောက်ရှိလာခဲ့ကာ ဆရာဝန် ၉၀ ကျော်ကိုလည်း ထိုနေရာ၌ စုရုံးပြီးဖြစ်ကြောင်း ပြောခဲ့သည်။

မေလ ၂ ရက် ည ၇ နာရီခန့်တွင် ဘန်ဂါလိုမြို့မှ အနောက်ဘင်္ဂလားပြည်နယ် ဟောင်ရာမြို့သို့ ခုတ်မောင်းလာသော Howrah Superfast Express အမြန်ရထားနှင့် ကိုလ်ကတ္တားမြို့မှ ချင်းနိုင်မြို့သို့ ခုတ်မောင်းလာသော အမြန်ရထားဖြစ်သည့် Coromandel Express တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့သည်။

မေလ ၃ ရက် နံနက်အစောပိုင်းတွင် ရဲအရာရှိများက အဝတ်ဖြူများဖုံးအုပ်ထားသော သေဆုံးသူများ၏ အလောင်းများကို ရထားလမ်းမှဝေးရာသို့ သယ်ဆောင်နေကြသည်ကို Reuters သတင်းဌာန၏ ဗီဒီယိုများ၌ တွေ့ကြရသည်။ မေလ ၂ ရက် သတင်းဗီဒီယိုများ၌လည်း ကယ်ဆယ်ရေးသမားများက ဆိုးရွားစွာတိမ်းမှောက်လျက်ရှိကြသော ရထားတွဲများအပေါ်တက်၍ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသည်ကို တွေ့ကြရသည်။ အသက်ရှင်ကျန်ရစ်သည့်ခရီးသည်များမှ အကူအညီတောင်းသံများနှင့် ငိုရှိုက်သံများကိုလည်း ဗီဒီယိုများတွင် တွေ့ကြရသည်။

ရထားတိုက်မှုတွင် မည်သည့်ရထားက စတင်လမ်းချော်မှုဖြစ်ကာ အခြားရထားကိုဝင်တိုက်မိခြင်း ဖြစ်သနည်း ဆိုသည်ကို အတည်မပြုနိုင်သေးပေ။ ရထားဝန်ကြီးဌာနက ရထားတိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယရထားဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ၎င်း၏ ရထားကွန်ရက်များတွင် နေ့စဉ် ခရီးသည် ၁၃ သန်းကျော်ကို သယ်ယူပို့ဆောင်လျက်ရှိသည်။ သို့သော် နိုင်ငံပိုင်ရထားဌာနအနေဖြင့် သက်တမ်းကြာမြင့်လှပြီဖြစ်သော အခြေခံအဆောက်အအုံကြောင့် လုံခြုံစိတ်ချရမှုတွင် အားနည်းလျက်ရှိသည်။

Ref—–Reuters

Leave a Reply

Your email address will not be published. Required fields are marked *