April 30, 2024

INVEST ဖြစ်လာနိုင်ပြီး ဝင်ရောက်ဖွယ်ရှိသည့် ခန့်မှန်းလမ်းကြောင်း

၃. ၆ .၂၀၂၃
Written by Hey Mar

အယ်နီညို မဟုတ် လာနီညာမမည်သည့် Nutral ဖြစ်စဥ် သက်ရောက်မှုကာလအတွင်း မုန်တိုင်းဖြစ်ပေါ်မှု များလာခြင်း၊ ကုန်းတွင်းအပူချိန်များမြင့်တက်ခြင်းနှင့် အချို့နေရာများတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်တတ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးများ၍ ရေကြီးခြင်း စသည့် ဖြစ်စဥ်များ ဖြစ်ပွားတတ်သဖြင့် ရာသီဥတုအခြေများကို အမြဲမပြတ် သတိပြုလေ့လာသင့်ကြောင်း နိုင်ငံတကာမိုးလေဝသ Website များကို လေ့လာ၍ မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာခန့်မှန်းသူ ဦးဝင်းနိုင်မှ သူ့အတွေ့အကြုံအရ သိရသည့် အချက်အလက်များကို MT News မှတစ်ဆင့် အသိပေးမျှဝေသည်။

အဆိုပါဖြစ်စဥ်များကြောင့်ပင် ယခု ဇွန်လအတွင်းလာမည့် ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်တော်မြို့အကြားရှိ ကျေးရွာများသို့ ဝင်ရောက်နိုင်သည့် သက်ဆိုင်ရာဌာနများမှ တရားဝင်အမည်မတပ်ရသေးသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိနေပြီး အိန္ဒိယမိုးလေဝသဌာနကလည်း အဆိုပါလေဖိအားနည်းရပ်ဝန်းအား သတိပေးထုတ်ပြန်ထားသည်။

“လမ်းကြောင်း အနေအထားနဲ့ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က ရထားတဲ့ အနေအထားအရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် စစ်တွေမြောက်ဘက်ကနေပြီး တောင်ဘက် ကျောက်ဖြူကြား ရခိုင်ကမ်းရိုးတန်း တစ်နေရာရာကို ဇွန်လထဲမှာ မုန်တိုင်းထပ်ဝင်မှာ ကျိန်းသေတယ်။ တစ်ခုတော့ရှိတယ်။ သူက မိုခါလောက်တော့ အားမကောင်းဘူး။ အားအပြင်းဆုံး CAT 3 လောက်ပေါ့။ အားအလွန်ကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်းအဆင့်ကိုတော့ ကမ်းခြေနားမှာ ရုတ်တရက် အားကောင်းပြီးတော့ ရောက်လာနိုင်တယ်။ တစ်နာရီကို မိုင် ၁၀၀ကျော်အထိ သူက ဖြစ်လာနိုင်တယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်လက မိုခါဝင်ထားသည့် အခြေအနေကြောင့် ကုန်းပေါ်တွင် အကာအကွယ်ပေးမည့် သစ်ပင်များ ၊ အဆောက်အဦများ ပျက်စီးသွားသည့်အတွက် ပိုမိုသတိထားရမည့် အခြေအနေဖြစ်ပြီး ဝင်လာနိုင်သည့် အနေအထားကို လာမည့် ဇွန်လ ၆ ရက်၊ ၇ ရက်ခန့်တွင် ပိုမို တိတိကျကျ ခန့်မှန်းသိရှိနိုင်မည်ဟု လေ့လာသူက သုံးသပ်သည်။

“နိုင်ငံတကာမိုးလေဝသတွေကလည်း ပြောလာလိမ့်မယ်။ အခုကို အိန္ဒယ မိုးလေဝသကနေ လေဖိအားနည်းရပ်ဝန်းစဖြစ်မယ်ဆိုတာကို တရားဝင် ထုတ်ပြန်ချက် ထုတ်ထားပြီးပြီ။ အခုကတော့ စစ်တွေနဲ့ အနီးက ကုန်းတွင်းလမ်းကြောင်းပေါ် ဝင်လာနိုင်တဲ့ အနီးအနား ရွာတွေ မြို့တွေက နေသူတွေက အရင်မိုခါအတိုင်းပဲ အထူးသတိထားဖို့လိုတယ်။ ကြိုတင်ပြီးတော့ အကာအကွယ်ဘာလုပ်မလဲ။ မုန်တိုင်းဒီလှိုင်းတက်လာပြီး ရိုက်ခတ်ထားတော့ လမ်းတွေ အရံအတားတွေက ပျက်စီးနေတဲ့အခါ အဲဒီလို ထပ်ဖြစ်လာရင် လွတ်အောင်ပြေးဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ရှောင်သင့် ရှောင်ထိုက်တဲ့ နေရာတွေကို စောစောစီးစီး ကြိုပြီးတော့ ရှာထားပါ”ဟု ဦးဝင်းနိုင် အကြံပြုသည်။

သူ၏ လေ့လာခန့်မှန်းချက်တွင် ဇွန်လ ၃ ရက်၊ မွန်းလွဲပိုင်း၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ပုသိမ်မြို့အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်အကွာ၊ ဘင်္ဂလားပင်လယ်အော်အ‌ရှေ့အလယ်ပိုင်းတွင် Investigative Area or Area of Interest(INVEST) တစ်ခု စ ဖြစ်လာနိုင်ကြောင်း၊ ဇွန်လ ၆ ရက် မနက် ၇ နာရီအထိ INVEST စတင်ဖြစ်ပေါ်ရာနေရာအနီး ဆက်လက်တည်ရှိနေနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဆင့်သို့ ရောက်လာနိုင်ကြောင်း၊ ဗဟိုဖိအား ၉၉၈ ဟက်တိုပါစကယ်(998hPa)ကို ကျဆင်းလာပြီး လေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်အထိ ရှိလာနိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ယနေ့ ဇွန်လ ၃ ရက် မနက် ၇ နာရီအချိန် ပြည်တွင်းမိုးလေဝသဌာန၏ သတိပေးထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *