April 25, 2024

MT News

Written by Min Mahar

ငါန်းဇွန်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအပါအဝင် အမျိုးသား ၄ ဦးကို PDF အဖွဲ့များက တစ်ရက်အတွင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၄ ရက် မနက် ၈ နာရီကျော်က ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာအုပ်စု၊ သံကုန်းကျေးရွာနေ အသက် ၃၈ နှစ်ခန့်ရှိသော သံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးသန်းဇော်လင်း(ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေးဥက္ကဋ္ဌ)နှင့် သံကုန်းကျေးရွာအုပ်စု၊ အသက် ၄၅ နှစ်အရွယ် ဇလုမ္မကျေးရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးတင်လင်း(ပြည်ခိုင်ဖြိုးပါတီဝန်းရံထောက်ခံသူ)တို့သည် ဇလုမ္မကျေးရွာထိပ်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ရှိနေစဉ် PDF အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် လာရောက်ကာ သေနတ်ဖြင့်ပစ်သတ်ခဲ့မှုကြောင့် နေရာတွင်သေဆုံးသွားပြီး ၎င်းတို့၏ ဆိုင်ကယ်နှစ်စီးနှင့်ဖုန်းနှစ်လုံးကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူပင် မေလ ၂၄ ရက် နေ့လည် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ သရက်ချိုပင်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ်ရှိတောင်သူ ဦးထွန်းဝေနှင့် တူဖြစ်သူ ၎င်းတို့၏ လယ်ကွက်အတွင်း၌ လယ်ထွန်နေစဉ် PDF ၄ ဦးက ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဦးထွန်းဝေအား ပစ္စတိုဖြင့် ၁ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးထွန်းဝေတွင် ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထပ်မံ၍ မေလ ၂၄ ရက် ည ၈ နာရီခန့်တွင်ပင် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာ၌နေထိုင်သည့် အသက် ၄၈ နှစ်ခန့်ရှိသောအုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးလွင်စန်းသည် အိမ်ဝိုင်းအတွင်းရှိ ပြောင်းခင်း၌ ရေတင်နေစဥ် PDF အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာ ဦးလွင်စန်းမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားခဲ့သောနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *