April 28, 2024

◾️ဆရာ/ဆရာမများ၏ ဖုန်းအလုံး ၆၀ ကျော်ကို သိမ်းယူခဲ့သည့်အပြင် ဆရာမငယ်တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဟု ဒေသခံများ ပြော

၂၄. ၅.၂၀၂၃
Written by Thettant

Non – CDM ဆရာ/ ဆရာမ ၆၀ ကျော်ကို ပခုက္ကူပကဖ၏ တပ်ခွဲ (၂) ဖြစ်သော Young Force UG PDF များ ဖမ်းဆီးကာ ကားသုံးစီးနှင့် ကျောင်းသုံးစာအုပ်များ သိမ်းယူခဲ့သည်ဟု ပခုက္ကူမြို့နယ် ပကဖက ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ မေလ ၁၈ ရက် ညနေပိုင်းတွင် ပခုက္ကူ – ရေစကြို ကားလမ်းမကြီးပေါ် PDF များမှ လမ်းပိုင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ ပခုက္ကူမှ ရေစကြိုဘက်သို့ ပြန်လာသော ကား(၃)စီးအား ရပ်တန့်စစ်ဆေးချိန် Non – CDM ဆရာ/ဆရာမများဖြစ်ကြောင်း သိရှိရသဖြင့် အယောက် (၆၀) ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့သည်။

သို့သော် လူအရေအတွက်များခြင်းနှင့် ထိန်းသိမ်းထားရန် အခက်အခဲများရှိခြင်းကြောင့် ခေတ္တထိန်းသိမ်း၍ နိုင်ငံရေး အသိပညာများ ပြောဆိုဆုံးမကာ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေး၍ ပြန်လွှတ်ပေးခဲ့သည်ဟု ပခုက္ကူမြို့နယ် ပကဖက ဆိုသည်။

ဆက်စပ်ပစ္စည်းများဖြစ်သော ကား(၃)စီးနှင့် ကျောင်းသုံးစာအုပ်များ သိမ်းယူခဲ့သော်လည်း ရွှေထည်ပစ္စည်းများ လုံးဝ သိမ်းယူခဲ့ခြင်းမရှိဟုဆိုသည်။

ထိုသို့ ထုတ်ပြန်သော်လည်း ဆရာ၊ ဆရာမများ၏ ဖုန်းအလုံး ၆၀ ကျော်ကို သိမ်းယူခဲ့သည့်အပြင် ငွေသားများလည်း သိမ်းယူခဲ့သည်။ ထို့အတူ အသက်အရွယ်ငယ်ရွယ်သော ဆရာမငယ်တစ်ဦးကို Young Force UG PDF များက ဆက်လက်ဖမ်းဆီးထားသည်ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

“ဖုန်းတွေ အလုံး ၆၀ ကျော် အကုန်လုထားလိုက်တယ်။ ပိုက်ဆံတွေလည်း သိမ်းသွားတဲ့အပြင် အသက်ငယ်ငယ်တဲ့ဆရာမတစ်ယောက်ကို ပြန်လွှတ်မပေးဘဲ ဆက်ဖမ်းထားတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News