ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောဓါတ်ပုံများတွင် ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ်ဒေသအတွင်း ယူကရိန်းလက်နက်ကိုင်များစွန့်ပစ်ထားခဲ့သည့် ပျက်စီးနေသောအမေရိကန်လုပ် ဟမ်းဗီးယာဉ်များကို တွေ့ရစဉ်

၂၄. ၅. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ်ဒေသ၊ ဂရေဗိုရွန်စကီးခရိုင်အတွင်း မေလ ၂၂ ရက်က နယ်စပ်ကိုဖြတ်လျက် စိမ့်ဝင်လာသော ယူကရိန်းလက်နက်ကိုင်များကို ရုရှားတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့၍ ချေမှုန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကော့ဗ်က မေလ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းက ရုရှားနိုင်ငံတွင်း ဝင်ရောက်လာသော ယူကရိန်း လက်နက်ကိုင် ၇၀ ခန့်ကို ချေမှုန်းခဲ့ကာ အရပ်သားများသေဆုံးခြင်းမရှိဘဲ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း၊ သို့သော် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းတို့၏ လက်နက်တပ်ဆင်ထားသော သံချပ်ကာလေးစီးနှင့် ပစ်ကပ်ကားငါးစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြသည်။ ထိုဖြစ်ရပ်တွင် လူနေအဆောက်အအုံ ၂၉ လုံးနှင့် ကားသုံးစီးတို့မှာ ယူကရိန်းတို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဘယ်လ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူးက ဂလတ်ကော့ဗ် ကပြောခဲ့သည်။

၎င်းက ယူကရိန်းတို့အနေဖြင့် ရုရှားပြည်သူများကို ခြောက်လှန့်ရန်နှင့်ဒေသအတွင်း စိုးရိမ်ထိတ်လန့်မှုများပျံ့နှံစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်ကြရန်လည်း ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတို့ဘက်မှ ပျက်စီးကျန်ခဲ့သော(သို့မဟုတ်)စွန့်ပစ်ထားခဲ့သော အမေရိကန်လုပ် စစ်မြေပြင်သုံး ဟမ်းဗီးယာဉ်များအပါအဝင် အနောက်အုပ်စုနိုင်ငံများမှ စစ်ဘက်ယာဉ်များ၏ပုံများကိုပါ ရုရှားကထုတ်ဖော်ပြသခဲ့သည်။

အမေရိကန်အစိုးရအနေနှင့်မူ ယူကရိန်းဘက်မှ ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုနှင့် ကင်းရှင်းအောင်နေလျက်ရှိသည့်အပြင် ယူကရိန်း၏ ရုရှားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုများကို အမေရိကန်အစိုးရအနေဖြင့် အားပေးကူညီမှုမပြုဟု ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *