April 20, 2024

၁၄. ၅. ၂၀၂၃
Written by Peya

အသက် ၃၄ နှစ်အရွယ် ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှ ဝန်ထမ်းဖြစ်သူ ကိုမင်းမျိုး(အမည်လွှဲ) သည် ဖုန်းငွေဖြည့်ကတ်တစ်ကတ်ကို သေချာစွာ ခဲခြစ်၏။ ထို့နောက် ဓာတ်ပုံရိုက်ပြီး ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့် မက်ဆင်ဂျာကတစ်ဆင့် တစ်ဖက် အကောင့်ကို ပို့လိုက်ရာ လက်ခံသူဘက်က လက်မထောင်ပြလေသည်။ ကိုမင်းမျိုး အဖို့ ပေးစရာရှိသည်ကို ပေးပြီးသွားပြီ ဖြစ်သောကြောင့် “အဆင်ပြေလား” ဟု စာပို့ရန် ရိုက်နေစဉ် ကာလမှာပင် ရုတ်တရက် အခြေအနေပြောင်းလဲသွားလေသည်။

ကိုမင်းမျိုးကို ဘလေ့ာသွားလေပြီတည်း။

“ကျွန်တော် အဲ့ဒီအကောင့်ကို စမြင်တာက Group တစ်ခုမှာပါ။ Sex Chat တယ်လို့ ပြောတာပေါ့နော်။ ဖုန်းဘေလ် ငါးထောင်ပေးရမယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ပေးလိုက်မိတာ။ သူ့ပုံတွေလည်း တင်ထားတော့ ယုံမိတာ။ အခုလို ဖြစ်တာက သင်ခန်းစာပေါ့ဗျာ” ဟု ကိုမင်းမျိုးက ဆိုသည်။

ကိုမင်းမျိုးက အဆိုပါ လိမ်လည်သွားသူသည် ၎င်း၏ ဓာတ်ပုံကို တင်ထားသည်ဟု ဆိုသောကြောင့် MT News က အကောင့်ကို တောင်းယူပြီး ကြည့်ရှူခဲ့ရာ တင်ထားသည့် ဓာတ်ပုံများမှာ ဖေစ်ဘွတ်ခ် စာမျက်နှာထက်တွင် ဓာတ်ပုံတင်ကာ Reaction များစွာ ရနေသော အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ ဖြစ်နေကြောင်း တွေ့ရ၏။ ဓာတ်ပုံကို အလွဲသုံးစားလုပ်ကာ လိမ်ခြင်း တစ်မျိုးပင်။ အဆိုပါ ဖြစ်စဉ်သည် အွန်လိုင်းလောက Sex Chat ကြသူများ၏ ဖြစ်စဉ်များစွာအနက် ဖြစ်စဉ်တစ်ခုသာ ဖြစ်လေသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် လိင်ပိုင်းဆိုင်ရာနှင့် ပက်သတ်သော Group များစွာ ရှိနေသကဲ့သို့ အခြား လူမှုကွန်ရက်များတွင်လည်း အလားတူ ဖြစ်စဉ်များ ရှိနေပါသေးသည်။ သို့သော် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်မှာ ဖေ့စ်ဘွတ်ခ် ဖြစ်သည့်အတွက် အဆိုပါ လူမှုကွန်ရက်သည် အထက်ပါ လိမ်လည်သူတို့အတွက် စားကျက်ကောင်း ဖြစ်နေခြင်းပင်။ လိမ်လည်သည့် နည်းမှာလည်း အလွန်ပင် ရိုးရှင်းကြောင်း တွေ့ရ၏။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အမျိုးသမီးအမည်ဖြင့် အကောင့်ဖွင့်ကာ အထက်ပါ Group များတွင် တင်ပြီး Sex Chat ကြောင်းနှင့် တစ်ခါချက်လျှင် မည်ရွေ့မည်မျှ ပေးရမည်ဟု အဖိုးသတ်မှတ်ကြခြင်း ဖြစ်လေသည်။ ထိုသို့ အဖိုးသတ်မှတ်ရာတွင် သုံးမျိုးရှိ၏။ စာနှင့်ချက်လိုလျှင် ငါးထောင်၊ အသံဖြင့်ဆိုပါက ရှစ်ထောင် သို့မဟုတ် တစ်သောင်း။ Video call ဖြင့် ဆိုလျှင် တစ်သောင်းခွဲ၊ ၂၀၀၀၀ အထိ သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း တွေ့မြင်ရသည်။

ထို့အပြင်အကောင့်များကို ဖွင့်ရာတွင် ယခုအခါ တွစ်တာနှင့် တယ်လီဂရမ်ကဲ့သို့ လူမှုကွန်ရက်များတွင် နယ်ပယ်ချဲ့လာကြသည်ကို တွေ့မြင်ရသည်။  အချို့က ပုံပင်မတင်ကြ။ အချို့က ပြည်တွင်းမှ အွန်လိုင်းအသုံးပြုသူများ၏ ဓာတ်ပုံများကို ယူတင်ကြခြင်း ရှိပြီး အချို့ကမူ မြန်မာနိုင်ငံနှင့် ရုပ်ချင်းဆင်တူသည့် ထိုင်းနိုင်ငံဘက်က ဓာတ်ပုံများကိုလည်း ရယူကာ အကောင့်ဖွင့်လှစ်ထားကြောင်း တွေ့မြင်ရသည်။ ထို့အပြင် Leak ဟု လက်ရှိတွင် သုံးနှုန်းနေကြသည့် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါ်လာသော Private ဓာတ်ပုံများကို ယူသုံးကြခြင်းလည်း ရှိလေသည်။ 

“ကျွန်တော့်တုန်းက Group တစ်ခုမှာ တွေ့တာ။ သူကကျတော့ ငါးထောင်နဲ့ Chat တယ် ဆိုတာ မပြောဘူး။ ဒီအတိုင်း လွတ်လပ်တဲ့သူ စကားပြောဖော်ရချင်တယ် ဆိုတာကို ရေးထားတာ။ သူ့ပုံဆိုပြီး တင်ထားတာက ကောင်မလေးတစ်ယောက် ဟိုဘက်လှည့်နေတဲ့ပုံ။ မြန်မာပါပဲ။ အခုပြန်စဉ်းစားကြည့်တော့ သူ့ပုံ ဟုတ်မယ် မထင်ဘူး။ သွားဟိုင်းတော့မှ ဘယ်လိုချက်ရင် ဘယ်လောက်ဆိုပြီး ပိုက်ဆံတောင်းတဲ့ စာလေး ပို့ပေးတာ” ဟု လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် သုံးစွဲသူ တစ်ဦးက ဆိုသည်။

ထိုသို့ လိမ်လည်မှုများအကြောင်း အွန်လိုင်းထက်တွင် ပြန့်နှံ့လာသည့် အခါ နည်းသစ်တမျိုး ထပ်ထွက်လာပြန်၏။ အချို့က ချက်လိုသည့်အခါ တစ်ဖက်လူသည် ယောကျာ်းတစ်ဦးက လိမ်နေခြင်းလောဟု သိလိုသည့်အတွက် အသံဖိုင် နမူနာပို့ရန် ပြောခြင်းမျိုး ရှိလာ၏။ ထိုအခါမျိုးတွင် တစ်ဘက်ကလည်း မိန်းကလေး အသံ ပီပီသသကို ပြန်ပို့၏။ သို့သော် စိတ်ချလက်ချ ချက်ရန်အတွက် ငွေပို့သည့်အခါ လိမ်သွားခြင်းမျိုးလည်း ရှိနေပြန်သည်။

“ကျွန်တော့် အသိတစ်ယောက်က မယုံဘူး အသံပို့ဆိုတော့ မိန်းကလေး အသံပို့တယ်။ ပျစ်ချွဲနှပ်ချွဲအသံပေါ့ဗျာ။ ဒါကြောင့် ချက်မယ်ဆိုပြီး ပို့လိုက်တော့ ဘလော့ခ်ပါလေရော။ ကျွန်တော် သိရသလောက်တော့ တချို့က စုံတွဲလိုက် လိမ်တာမျိုး။ အသံလိုချင် မိန်းမက ဝင်ပြောပေးတယ်။ ဒီက ဝင်ငွေရတာကကောင်းတော့ လိုက်လိမ်တဲ့သဘောမျိုး ရှိမယ်ထင်တယ်” ဟု အဆိုပါ သုံးစွဲသူ က ဆိုသည်။


ထို့ အပြင် ပြီးခဲ့သည့် ကာလများအတွင်းက အွန်လိုင်းထက်တွင် Sex chat ပြီးလိမ်လည်သည့် နည်းတမျိုး ခေတ်စားခဲ့ဖူး၏။ အဆိုပါ နည်းမှာ Video call ခေါ်သည့် အတွက် အမှတ်တမဲ့ လက်ခံလိုက်ချိန်တွင် ခေါ်သူက ဝတ်လစ်စလစ်ပုံဖြစ်နေပြီး အလျင်အမြန် စခရင်ရှော့ရိုက်ကာ ၎င်းနှင့် ချက်ဖူးကြောင်း အွန်လိုင်းတွင် တင်မည် ဖြစ်ပြီး မတင်စေလိုပါက ငွေပေးရမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်ခြင်းမျိုး ဖြစ်လေသည်။ ထို့အပြင် ကျန်တစ်နည်းမှာ စာဖြင့် Sex chat ပြီးနောက် အဆိုပါ စာကို အွန်လိုင်းတွင် တင်မည်ဟု ခြိမ်းခြောက်ပြီး မတင်စေလိုပါက ငွေပေးရမည်ဟု ခြိမ်းခြောက်ခြင်းမျိုး ဖြစ်လေသည်။ အဆိုပါ နည်းကိုမူ အိမ်ထောင်ရှင်အမျိုးသားတို့ ခံရကြောင်း တွေ့ရသည်။

ထို့ပြင် သံဃာများနှင့် ဂုဏ်သိက္ခာရှိသူအချို့ကို ပစ်မှတ်ထားကာ Video Call ခေါ်ပြီး က်ိုင်မိသည်နှင့် မအင်္ဂါအစိတ်အပိုင်းများပြကာ Screen Recording ဖမ်းယူ၍ ငွေညှစ်ကြသည့် ဖြစ်စဥ်များစွာလည်း ရှိနေပြန်သည်။

ယင်းအပြင် တွစ်တာနှင့် တယ်လီဂရမ်တို့တွင်လည်း အလားတူ လိမ်နည်းမျိုး ရှိနေကြောင်း တွေ့ရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်း၏ ဓာတ်ပုံကို အသုံးပြုကာ တယ်လီဂရမ်တွင် အကောင့်ဖွင့်ပြီး လိမ်လည်နေသည့်အတွက် နစ်နာသူ အမျိုးသမီးငယ်တစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ၎င်းက ယုံကြည်၍ ရည်းစားဟောင်းကို ဓာတ်ပုံပြသခဲ့ရာက တစ်ဆင့် ဓာတ်ပုံပြန့်သွားခဲ့သည်ရေးသားထားကာ  ၎င်း၏ ပုံကို အသုံးပြုကာ တယ်လီဂရမ်တွင် Sex Chat ခြင်းမျိုး ရှိနေကြောင်း အသိပေးထားသည်။

“တွစ်တာမှာဆိုလည်း ဖေ့စ်ဘွတ်ခ်လိုပါပဲ။ သူကလည်း ကြေးတစ်ခုနဲ့ပဲ။ နောက် တယ်လီဂရမ်လည်း ရှိတယ်။ တချို့ကလည်း အမှန်အကန်တွေ ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် လိမ်တဲ့အကောင့်တွေကတော့ ရှိနေတာပါပဲ။ ဖေ့စ်ဘွတ်ခ်မှာ သိုင်းလောက ဂရု (လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော ဂရု) တွေမှာ ဘယ်သူကတော့ဖြင့် လိမ်သွားပြန်ပြီ။ ဘယ်သူ့ကို ဂရုစိုက်ကြပါ ဆိုတာကတော့ ခဏခဏ မြင်နေရတာပဲလေ” ဟု ကိုမောင်မောင် (အမည်လွှဲ) က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ MT News က အမှန်အကန် ပိုက်ဆံပေးကာ Chat လုပ်ခဲ့ဖူးသည်ဆိုသော အမျိုးသားတစ်ဦးကို မေးမြန်းခွင့်ရခဲ့ရာ ၎င်းအနေဖြင့် ထိုသို့ Chat ခဲ့ဖူးပြီး တစ်ခါမှာ အမှန်အကန်ဖြစ်ပြီး ကျန်တစ်ခါမှာမူ စာဖြင့်သာ ပြောခဲ့ရခြင်း ဖြစ်ကာ တစ်ဖက်က ပြသော ဓာတ်ပုံကိုသာလျှင် မြင်ခဲ့ရဖူးကြောင်း ဆိုသည်။

“စာနဲ့ ပြောပေးတယ်။ ပိုက်ဆံက ငါးထောင်ပဲ ပေးခဲ့ရတာ။ ဒါပေမယ့် အဲ့ဒီတစ်ကြိမ်မှာ လူကို မမြင်လိုက်ရဘူး။ ကျွန်တော်လည်း တခါ အလိမ်ခံရဖူးတယ်” ဟု ၎င်းက ရှင်းပြသည်။

ယခု အခါ ကိုမင်းမျိုး (အမည်လွှဲ) အနေဖြင့် သင်ခန်းစာ ကောင်းကောင်းတစ်ခု ရသွားချေပြီ ဖြစ်လေသည်။ အထက်ပါ သင်ခန်းစာကို ငွေငါးထောင်နှင့် ဝယ်လိုက်ရခြင်း ဖြစ်သော်လည်း အကျိုးများသည်ဟု ၎င်းက ဆို၏။

“ပိုက်ဆံ ငါးထောင်နဲ့ ပေးဝယ်လိုက်ရတဲ့ အွန်လိုင်း အတွေ့အကြုံတစ်ခုပေါ့ဗျာ” ဟု ၎င်းက ရယ်ရယ်မောမောဖြင့် ပြောလေသည်။

သို့သော် နောက်ထပ် ကိုမင်းမျိုးများစွာ ရှိနေဦးမည်သာ….။

Leave a Reply

Your email address will not be published. Required fields are marked *

Related News