၁၄. ၅. ၂၀၂၃
Written by Tha Doe

၁။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”အဖြစ်သို့ ရောက်ရှိပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်မည့် အခြေအနေရှိနေသဖြင့် သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန် များပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂။

အစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က လက်ရှိအချိန်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပေါ်လျက်ရှိပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ပြောင်းလဲလာခြင်းကြောင့် မုန်တိုင်းလမ်းကြောင်းဖြတ်သန်းမှုတစ်လျှောက်တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှုနှင့် မိမိတို့နိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းနှင့် လေတိုက်နှုန်းမြင့်တက်လာမှုကြောင့် ရခိုင်ကမ်းရိုးတန်းသို့ခန့်မှန်းအချိန်ထက် နာရီပိုင်းစော၍ ဝင်ရောက်လာနိုင်မှု ထိခိုက်မှုများဖြစ်ပေါ်နိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် SAC ဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ပေးခဲ့ပြီး ခန့်မှန်းချက်များအရ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်း ဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ကမ်းရိုးတန်း ဒေသများတွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသ များ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်နှင့် မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် မိုးရွာသွန်းမှုများ ပိုမိုများပြားနိုင်သည်ကိုတွေ့ ရှိရသောကြောင့် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

၃။

အလားတူ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များဒေသအလိုက် ကြိုတင်စုဆောင်းထားပြီး တပ်မတော်မှ ရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိမှု၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတတ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုအခြေအနေအပေါ် SAC ဥက္ကဋ္ဌက မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရန်နှင့် ယနေ့မှ စ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန် ညွှန်ကြားသည်။

အရေးပေါ် ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေစေရေးအတွက်ထုပ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုပ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်အဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် မုန်တိုင်းဒဏ်ထိ​ခိုက်သည့်ဒေသများ၌ ပြင်ဆင်မှုဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရန် မှာကြားသည်။

၄။

ထိုအတူ သဘာဝဘေးဒဏ်ခံ ဒေသများတွင် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှုနှင့် ပတ်သက်၍လည်း စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက တပ်မတော်မှ ဆေးဝါးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ထားကြောင်း ရှင်းလင်းတင်ပြသည်။

ထိုတင်ပြမှုအပေါ် SAC ဥက္ကဋ္ဌက မုန်တိုင်းသင့်ဒေသများတွင် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်နှင့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည် ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ် စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကိုအသင့်တင်ဆောင်ထားရှိရန်နှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းစေလွှတ်ရာတွင် မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး ဖွဲ့စည်းစေလွှတ်ရန်လိုကြောင်းလည်း မှာကြားခဲ့သည်။

၅။

အထက်ပါ အချက်များအပြင် ပြောင်းရွှေ့ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး တို့က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပို့ဆောင်နိုင်ရေးအတွက် လေယာဉ် ၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုကို တင်ပြခဲ့သည်။ ထို့ပြင် ထို လေယာဉ်၊ ရဟတ်ယာဉ်များ၏ စွမ်းဆောင်နိုင်မှုနှင့်လိုအပ်ချက်များ၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဒေသများတွင် ပြောင်းရွှေ့ ရေးလုပ်ငန်းများဆောင်ရွက်ရန် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များ ပါဝင်သည့် မော်တော်ယာဉ်အစုအဖွဲ ၁၀ ဖွဲ့ ဖွဲ့စည်း ထားရှိပြီး စေလွှတ်ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် အရေးပေါ်သုံး၊ စစ်သုံးဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ်ရဟတ်ယာဉ် ကွင်းများတည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်းခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန် ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင် ဆင်ထားရှိရန်လိုကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့ အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်းထပ်မံ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ လိုအပ်သည့်နေရာသို့ လိုအပ် သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင် တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်းမှာကြားသည်။

၆။

အလားတူ အချိန်နှင့်တစ်ပြေးညီ သတင်းများရရှိရေး(Real Time Information) နှင့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း တို့က ဒေသအလိုက် ဖြစ်ပွားနေသည့် မုန်တိုင်းနှင့်သက်ဆိုင်သည့်အခြေအနေများကို အမြဲမပြတ်သတင်းရရှိရေးနှင့် ထုတ်လွှင့်နိုင်ရေး ကျောပိုးဂြိုလ်တု ဆက်သွယ်ရေးစနစ်ဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းအသိပေးချက်နှင့် သတိပေးချက်များ၊ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိသည့် မုန်တိုင်းသတင်းများနှင့်ပတ်သက်၍ ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအသံလွှင့်အစီအစဉ်များနှင့် Website များ၌ အမြဲမပြတ် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့အပေါ် SAC ဥက္ကဋ္ဌက မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်း သက်ရောက်နိုင်သည့် ကုန်းတွင်းပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် အန္တရာယ်များအတွက် သတိရှိစေရေး လှုံ့ဆော်ပြန်ကြားဆောင်ရွက်ရန်နှင့် မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲသိရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားရန်နှင့် သတင်းများ အချိန်နှင့် တစ်ပြေးညီရရှိရေးအတွက်လည်း ဆောင်ရွက်နေရန် ညွှန်ကြားခဲ့သည်။

၇။

အလားတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပွားမည့် သဘာဝဘေးဒဏ်သင့် ဒေသများ တွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် SAC ဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်သွားရန်၊ AHA Center နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အထက်ပါ အချက်များအပြင် သဘာဝဘေးဒဏ်သင့် ဒေသများကို ကူညီကယ်ဆယ်ရာတွင် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်နှင့် ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *