ရုရှားရေတပ်သင်္ဘောအုပ်စုတစ်ခု ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ရေတပ်လေ့ကျင့်မှုများပြုလုပ်ရန် တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေစဉ်

၁၃. ၅. ၂၀၂၃
Translated by Htwe Ko Tun

တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရူဘင် ဘရီဂျီတီက တောင်အာဖရိကနိုင်ငံအား ရုရှားနိုင်ငံသို့ လက်နက်များရောင်းချနေသည်ဟု ၎င်းက မေလ၁၁ ရက်က စွပ်စွဲပြောကြားခဲ့မိမှုအတွက် လုံးလုံးလျားလျားတောင်းပန်ခဲ့ကြောင်း တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရူဘင် ဘရီဂျီတီက ရုရှားစစ်သင်္ဘောတစ်စီးသည် လွန်ခဲ့သောဒီဇင်ဘာလက ကိပ်တောင်းမြို့တွင် ဆိုက်ကပ်ကာ လက်နက်ခဲယမ်းများအတင်အချပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။ သို့ရာတွင် တောင်အာဖရိကအစိုးရက ရုရှားသို့ လက်နက်တစ်စုံတစ်ရာရောင်းချခဲ့သည်ဟု မှတ်တမ်းများ မရှိကြောင်း ငြင်းဆိုခဲ့သည်။ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း ထိုစွပ်စွဲချက်များအပေါ်  အသေးစိတ်ကောက်ချက်ချပြောကြားခြင်း မပြုလုပ်ခဲ့ပေ။

တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်အပြီးတွင်မူ ရူဘင် ဘရီဂျီတီက လူမှုကွန်ရက်တွင် ၎င်း၏အထင်အမြင်မှားမှုများကို တွေ့ဆုံဆွေးနွေးပြင်ဆင်ရန် အခွင့်အလမ်းရခဲ့၍ များစွာကျေးဇူးတင်မိကြောင်း၊ တောင်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုအကြား ခိုင်မာသောမိတ်ဖက်များအဖြစ်တည်ရှိမှုကို ထပ်လောင်းအတည်ပြုပါကြောင်း၊၎င်း၏ အထင်မှားပြောကြားခဲ့မိမှုများအတွက် လုံးလုံးလျားလျား တောင်းပန်ကြောင်း ရေးသားခဲ့သည်။

ထိုအတောအတွင်း တောင်အာဖရိကအစိုးရဝန်ကြီးတစ်ဦးက တောင်အာဖရိကအနေဖြင့် အမေရိကန်နိုင်ငံ၏ အနိုင်ကျင့်မှုကိုခံမည်မဟုတ်ကြောင်း ပြောခဲ့သည်။ တောင်အာဖရိကနိုင်ငံက ယူကရိန်းအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ရုရှားအပေါ် ရှုတ်ချသောဆုံးဖြတ်ချက်များတွင် ကြားနေမှုသာပြုခဲ့သော နိုင်ငံအနည်းငယ်အတွင်း၌ ပါဝင်ပြီး ရုရှားနိုင်ငံကို ရှုတ်ချမှုပြုရန်လည်း ငြင်းဆိုခဲ့သည်။

ရုရှားနိုင်ငံမှ စစ်သင်္ဘော Lady R က ကိပ်တောင်းမြို့အနီး ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် ဒီဇင်ဘာလအတွင်းရပ်နားခဲ့သည်နှင့်ပတ်သက်၍ အမှန်တကယ် ထိုသင်္ဘောက ရုရှားသို့မပြန်မီ လက်နက်ခဲယမ်းများတင်ဆောင်ခဲ့ပါက တောင်အာဖရိက အနေဖြင့် ၎င်းနိုင်ငံ၏ လက်နက်ထိန်းချုပ်ရေး အက်ဥပဒေ (Arms Control Act) ကိုလည်း ချိုးဖောက်ရာရောက်မည်ဖြစ်သည်။

Ref——bbc

Leave a Reply

Your email address will not be published. Required fields are marked *