April 24, 2024

၉. ၅. ၂၀၂၃
Written by Tha Doe

၁။

ပြည်သူပေါင်း၁၃၈,၃၇၃ (ပျောက်ဆုံးသူ ၅၃၈၃၆ ဦးအပါအဝင်) ဦး သေဆုံးပြီး ကျပ်ငွေပေါင်း ၁၃ ထရီလျံကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးတိုက်ခတ်မှု ၁၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့လည်း နာဂစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် မိသားစုများစွာဆုံးရှုံးခဲ့ရသူတွေ၊ စည်းစိမ်ဥစ္စာပျက်စီးခဲ့သူတွေ၊ နေစရာ စားစရာလည်းမကျန် လုပ်ကိုင်စားသောက်ဖို့လည်း မရလောက်အောင် ဘ၀ပျက်ခဲ့တဲ့သူတွေအတွက် ခြောက်အိပ်မက်တစ်ခုလို ဆက်ဖြစ်နေခဲ့သလို နာဂစ်အတွင်း ဆုံးပါးရရှာတဲ့ မိဘဆွေမျိုးသားချင်းတွေအတွက်လည်း အမျှအတန်းဝေ အလှုဒါနတွေ မျှဝေနေရဆဲပါ။

သဘာ၀ဘေးဆိုတာကို ဘာလဲနားမလည်တဲ့ ပြည်သူတွေကို နားလည်ရုံတင်မက ကြောက်လန့်အောင်ပါ ခြောက်လှန့်ခဲ့တဲ့ ဒီနာဂစ်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ပြီး ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် မေလ ၂ ရက်ညမှာ စတင်ဝင်ရောက်လာပါတယ်။ နာဂစ်မုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သေကြေခဲ့ရတဲ့အထဲမှာ လပွတ္တာမြို့နယ်တစ်ခုတည်းက လူ ၈၀,၀၀၀ လောက် သေဆုံးခဲ့ပြီး ဘိုကလေးမှာ လူ ၁၀,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ လူ ၁၃၈၃၇၃ ဦး သေဆုံးခဲ့တဲ့အပြင် ကျွဲနွားသုံးသိန်းလောက်လည်း သေခဲ့ပြီး ပြည်သူ ၂ သန်းခွဲလောက်လည်း ဘ၀ပျက်ခဲ့ရတဲ့ နာဂစ်ရဲ့ ရက်စက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ် ၁၃ ထရီလျံကျော်(ဒေါ်လာ ၁၀ ဘီလျံကျော်ဟုလည်း ခန့်မှန်းမှုရှိ)ရှိတာကြောင့် မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေထဲ ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းရိုက်ခတ်မှုကြောင့် ပြည်သူများစွာသေခဲ့ရပေမဲ့ ကနဦးမှာတော့ ထိုင်းနိုင်ငံကလွဲရင် အကူအညီမရခဲ့ပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ အီတလီအပါအဝင် ကမ္ဘာ့နိုင်ငံနဲ့ အဖွဲ့အစည်း ၁၀၀ ကျော်က အကူအညီများစွာပေးခဲ့တာကို အဲဒီအချိန်က နအဖအစိုးရ လက်ခံခဲ့သလို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နအဖတို့ ပေါင်းဖွဲ့ထားတဲ့ Tripartite Core Group သုံးပွင့်ဆိုင်အဖွဲ့နဲ့လည်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နှစ်နှစ်လောက်လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲဒီအချိန်က စစ်အုပ်ချုပ်ရေးစနစ်ဖြစ်တာကြောင့် အကူအညီပေးအပ်လိုသူတွေဟာ သူ့လက်သူ့ခြေလုပ်ပိုင်ခွင့်တွေ တောင်းခဲ့တာကြောင့် နေ့စဉ်ထုတ်သတင်းစာတွေထဲမှာ လှုတာကိုလက်ခံပေမဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကို သတိထားဖို့ ရေးသားလှုံ့ဆော်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

၂။

လက်ရှိအချိန်မှာတော့ နာဂစ်မုန်တိုင်းလို ပြင်းထန်နိုင်မယ်ဆိုတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို တိုက်ခတ်ဖို့အသင့်ဖြစ်နေပြီလို့ ယူဆစရာအ​ခြအနေဖြစ်နေသလို မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ ထက်ဝက်လောက်ဟာ မေလမှာ ဝင်ရောက်လာတာပါ။ နာဂစ် ၁၅ နှစ်ပြည့်ချိန် သံသရာရဟတ်တစ်ပတ်လည်ပြီး တစ်ကျော့ပြန်ဆိုင်ကလုန်းမုန်တိုင်းဝင်လာနိုင်မယ်၊ မလာနိုင်ဘူး ယတိပြတ်မပြောနိုင်သေးပေမဲ့လည်း ဒီမုန်တိုင်းက မြန်မာပြည်ကို ဝင်လာနိုင်တယ်ဆိုတာကြောင့် အစိုးရ၊ မီးသတ်၊ လူမှုဝန်ထမ်း၊ တပ်မတော် စတဲ့ အဖွဲ့အစည်းအသီးသီးဟာ သဘာ၀ဘေးနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ တပ်လှန့်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ မေလမှာ ဝင်ရောက်ခဲ့တာဖြစ်သလို အသေ အပျောက်အများဆုံး မုန်တိုင်းကြီး ၁၂ ခုမှာ ရှစ်ခုက မေလမှာဖြစ်ခဲ့တာပါ။ ၂၀၀၈ နောက်ပိုင်းမှာလည်း ဆိုင်ကလုန်းမုန်တိုင်းတွေ ဝင်ရောက်ခဲ့တာကြောင့် မေလမှာ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်မှုက ၁၄ ကြိမ်အထိ ရှိတယ်လို့လည်း သိရပါတယ်။

” မြန်မာနိုင်ငံမှာ မေလအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့မှု ၁၄ ကြိမ်ရှိပါတယ်။ ၁၉၆၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အပြင်းထန်ဆုံးက ၁၉၉၄ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းလေတိုက်နှုန်း ၁၄၅ မိုင် လောက်ရှိပါတယ်။ ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးမှာဖြစ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း လေတိုက်နှုန်း ၁၄၅ မိုင်ရှိပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်မှာ ၁၉၉၄ တုန်းက ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်အပြီး ၁၄ နှစ်အကြာ ထပ်တူပြင်းအားရှိတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူ ၁၃၀၀၀၀ ကျော်သေခဲ့ရတာပါ။ လက်ရှိ ၁၅ နှစ်အကြာ ဖြစ်လာဖွယ်ရှိတဲ့ မိုခါမုန်တိုင်းကလည်း တစ်နာရီလေတိုက်နှုန်းက မိုင် ၁၀၀ လောက်ရှိမယ်ဆိုပြီး မုန်တိုင်းရယ်လို့ တိတိပပမပြောနိုင်သေးခင်ကို ခန့်မှန်းထားတာကြောင့် မြန်မာပြည်ကို တိုက်ခတ်လာရင် နာဂစ်နည်းတူအဖျက်အား ပြင်းထန်နိုင်ပါတယ်။ ဒီလို အဖျက်အားပြင်းထန်နိုင်တဲ့ မိုချာကို ကြိုတင်ကာကွယ်ဖို့ဆိုတာ အစိုးရတစ်ရပ်နဲ့တင်မရနိုင်ဘဲ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကူညီဖို့ ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။

၃။

လက်ရှိအချိန်မှာ မိုခါမုန်တိုင်းဟာ မြန်မာပြည်မ၊ ကုန်းတွင်းပိုင်းကို တိုက်ရိုက်ဝင်ရောက်မဲ့ အန္တရာယ်က လွဲချော်သွားပြီဆိုပေမဲ့ ယတိပြတ်​ပြောနိုင်တဲ့အခြေအနေမဟုတ်ဘဲ နာဂစ်လို ရုတ်တရက်လမ်းကြောင်းပြောင်းပြီး ဝင်လာတာမျိုးလည်း ဖြစ်လာနိုင်ပါသေးတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ ၉ ရက် ညနေ ၄ နာရီ နောက်ဆုံးတိုင်းထွာချက်တွေအရ နောက် ၆ နာရီအကြာမှာ လေဖိအားနည်းရပ်ဝန်းမိုခါဟာ မုန်တိုင်းငယ်ဖြစ်လာမှာပါ။ မနက်ဖြန် မေလ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါအဖြစ် အင်အားကြီးလာမှာဖြစ်ပြီး ကနဦးမှာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မေလ ၁၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ရောက်ရှိကာ ထိုကတစ်ဆင့် မြောက်- အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းဆီ ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းရတာပါ။ ဒီမုန်တိုင်းအရှိန်​နဲ့ ပတ်သက်ပြီးလည်း မိုးလေဝသပညာရှင်လို့ လူမှုကွန်ရက်မှာ ထင်ရှားတဲ့ စုစုစံ အကောင့်ပိုင်ရှင်က “မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း အလယ်ပိုင်းတွင် အဖျက်စွမ်းအားပြင်း CAT3 အဆင့်ရှိ မုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နိုင်ပြီး မေလ ၁၃ရက်နေ့တွင် စစ်တွေမြိုအနောက်ဘက် ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာကာ CAT4 အဆင့်အထိအင်အားအလွန်ကောင်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ကော့ဘဇားဒေသတွေကနေ ကုန်းတွင်းဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်းတော၊ မေယုမြစ်တစ်လျှောက်မုန်တိုင်းအန္တရာယ်ရှိပါတယ်။ ၁၃ ရက်နေ့၊ ၁၄ ရက်နေ့ မုန်တိုင်းအန္တရာယ်ရှိသဖြင့် ယနေ့ ၉ ရက်နေ့ဖြစ်လို့ ဘေးကင်းလုံခြုံရာနေရာတွင် ပြောင်းရွှေ့နေထိုင်ရန် ၃ ရက်အချိန်ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းအန္တရာယ်ရှိကြောင်းကိုလည်း ရက်အဝေးကြီကတည်းက ခန့်မှန်းပေးထားပြီးလည်းဖြစ်ပါတယ်။ အားလုံးဘေးကင်းလုံခြုံကြပါစေ” လို့ သူက ရေးသား အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

သေချာတာကတော့ ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ မြန်မာပြည်ကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ထိခိုက်မဲ့ အခြေအနေတွေ အများကြီးရှိနေသလို အစိုးရ၊ မီးသတ်၊ တပ် တာဝန်ရှိသူတွေဘက်ကလည်း ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းနဲ့ လှုံ့ဆော်နေတာတွေ့ရပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်တို့လို၊ ဆန်စပါးအသင်းချုပ်တို့လို့ အသင်းကြီးတွေကလည်း ကုန်စျေးနှုန်းတွေ၊ ဆန်စျေးတွေ မတက်စေဖို့၊ ထိခိုက်ဆုံးရှုံးမှုမများဖို့အတွက်ကိုလည်း လှုံ့ဆော်နေကြတာပါ။ ဒါ့အပြင် SAC ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဒီမုန်တိုင်းမိုခါကို စောင့်ကြည့်ကွပ်ကဲနေပြီး တပ်ရင်းတပ်ဖွဲ့တွေကလည်း သဘာ၀ဘေးမှာ အမိန့်စောင့်စရာမလိုဘဲ ချက်ခြင်းကူညီဖို့ ညွှန်ကြားချက်ရထားတဲ့အတိုင်း ဘက်စုံပြင်ဆင်ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

“မေလ ၁၀ ရက် ညပိုင်းမှ လေဖိအားနည်းရပ်ဝန်း (INVEST-91B)က မြောက်လတ္တီတွဒ် ၁၀ ဒီဂရီရဲ့ အထက်ကို ရောက်ပါမယ်။ အဲ့ဒီနေရာရောက်မှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာပြီး နာမည်တပ်လို့ ရပါမယ်။ သေချာတာက အရှေ့မြောက်ကိုရွေ့ပြီး ရခိုင်ကမ်းရိုးတန်းတစ်နေရာကိုတော့ ဝင်နိုင်မဲ့ အခြေအနေက ၉၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။ ကုန်းတွင်းဝင်မဲ့နေရာက အခုပုံထက် အောက်ဘက် ထပ်ကျလာနိုင်သေးတယ်ဆိုတဲ့သဘောပါ။ မုန်တိုင်းအရွယ် အစားအချင်းမိုင် ၃၀၀ မှ ၄၀၀ အထိရှိလာနိုင်ပြီး မုန်တိုင်းဗဟိုလေတိုက်နှုန်းက တစ်နာရီ မိုင် ၁၄၀-၁၅၀ ကျော်အထိ ရှိလာနိုင်ပါမယ်။ မုန်တိုင်းတည့်တည့်ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ မုန်တိုင်းညာဘက်ခြမ်း(အောက်ဘက်ခြမ်း)က ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်း(ဂေါ်ရင်ဂျီ – ငွေဆောင် – ချောင်းသာ-ဂွ အထိ) ဖြစ်လာမဲ့ မုန်တိုင်းသက်ရောက်မှုက ကြီးမားနိုင်တာမို့ ရှောင်ဖို့လိုတဲ့ ကျေးရွာ/မြို့နယ်တွေက ရှောင်သင့်ပါတယ်။ မရှောင်ရင်လည်း ကြိုတင်ပြင်ဆင်မှု ခိုင်ခိုင်မာမာ လုပ်ထားသင့်ပါတယ်” လို့ မိုးလေဝသလေ့လာသတင်းထုတ်ပြန်သူ ဦးဝင်းနိုင်ကလည်း မာယာများတဲ့ မုန်တိုင်းရဲ့ အချိန်မရွေး ဒုက္ခပေးနိုင်မှုကို သတိထားပြင်ဆင်ဖို့ ပြောထားပါတယ်။

သေချာတာကတော့ မိုခါဟာ မြန်မာပြည်ကို ဒုက္ခပေးမဲ့ လမ်းကြောင်းပေါ်မှာ လက်ရှိအချိန်အထိ ရာခိုင်နှုန်းအများဆုံးနဲ့ ခြိမ်းခြောက်နေတုန်းပါ။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေ အသေအပျောက်နည်းဖို့၊ ပျက်စီးဆုံးရှုံမှုနည်းဖို့၊ ထိခိုက်မှုနည်းဖို့အတွက်ကတော့ သတိ တမံ၊ ဉာဏ် မြေကတုတ်ဆိုတဲ့အတိုင်း ပြည်သူကိုယ်တိုင်ကလည်း ကိုယ်နဲ့ ကိုယ့်မိသားစုဘ၀ နာဂစ်မှာလို မထိခိုက်ရအောင် ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်ဖို့ လိုအပ်မှာပါ။ ဒီလိုမျိုး ကြိုတင်ပြင်ဆင်ထားနိုင်မှလည်း မြန်မာနိုင်ငံကို နာဂစ်လိုမျိုး အရှိန်အဟုန်နဲ့ ဝင်လာနိုင်မဲ့ မိုခါဆိုင်ကလုန်း ဘေးရန်က ကာကွယ်နိုင်မှာပါလို့ တင်ပြရင်း……။

Leave a Reply

Your email address will not be published. Required fields are marked *