၁၀. ၅. ၂၀၂၃
Written by Thettant

ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် – မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်သဖြင့် ပြည်သူများကြိုတင်ပြင်ဆင်ရမည့်  လိမ္မော်ရောင်အဆင့် စတင်သတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုထုတ်ပြန်သည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယား(Port Blair) ၏ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု(၈.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၈.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၉)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။ ထို့နောက် ၁၄ ရက်နေ့တွင် မြောက်- အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး နေရာကျဲကျဲ၊ နေရာစိပ်စိပ်နှင့် ကွက်ကျားမိုး ထစ်ချုန်းရွာသွန်းနိုင်ဖွယ်ရှိပြီး မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။

သို့ဖြစ်ပါ၍ ယနေ့နံနက်မှ မနက်ဖြန်အချိန်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့- မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန် နှင့် တစ်ပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *