ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေမှုကို တွေ့ရစဥ် (ဓာတ်ပုံ- RSCCI)

၁၀. ၅. ၂၀၂၃
Written by Ye Kyaw

ရခိုင်ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ရေကြောင်းကုန်သွယ်ရေးများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာပါက ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိအောင် ရေလမ်းနှင့်ကုန်းလမ်းနှစ်ခုလုံးမှ ဦးစားပေးသယ်ယူနိုင်ရေး ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“လက်ရှိကတော့ ကုန်သည်တွေကတော့ မနေ့ကအထိတော့ မော်တော်တွေက ထွက်တဲ့အနေအထားရှိပါတယ်။ နောက်ရက်ဆိုရင်တော့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီးတော့ မော်တော်တွေကတော့ သုံး၊ လေး ရက်လောက်တော့ ရပ်ဆိုင်းရမယ့်အနေထားရှိပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာပါက ရခိုင်ပြည်နယ်အတွင်း ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုရှိစေရန် ရေလမ်းနှင့်ကုန်းလမ်းနှစ်လုံးမှ ကုန်သွယ်ရေးဆောင်ရွက်မှု အဆက်အသွယ်ပြတ်တောက်မှုမရှိစေဘဲ ဦးစားပေးကုန်စည်များကို ရခိုင်ပြည်နယ်အတွင်းသို့ သယ်ယူနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ညှိနှိုင်း‌ဆောင်ရွက်ထားကြောင်း သိရသည်။

“မုန်တိုင်းတကယ်ဖြစ်လာပြီဆိုရင် ဆေးဝါး၊ ရိက္ခာတွေအတွက်လည်း ပြတ်လပ်မှုမရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သင်္ဘောပိုင်ရှင်တွေ၊ မော်တော်ယာဥ်လိုင်းက တာဝန်ရှိသူတွေနဲ့ကတော့ ညှိနှိုင်းထားတာရှိပါတယ်။ အ‌ရေးပေါ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ တစ်ဦးနဲ့တစ်ဦး အဆက်သွယ်မပြတ်ဖို့အတွက် အရေးကြီးတယ်။ ဒါမှအရေးကြီးတဲ့ ကုန်စည်တွေကို ဦးစားပေးတင်နိုင်အောင် အစီအစဥ်တွေချထားပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကမ်းဝေးငါဖမ်းလုပ်ငန်းများကို သံတွဲမြို့ဘက်၌ အခြေစိုက်ဆောင်ရွက်လျက်ရှိပြီး စစ်တွေဘက်တွင်မူ ကမ်းနီးငါးဖမ်းလုပ်ငန်း (နေ့ချင်းပြန်ငါးဖမ်းလုပ်ငန်း)များကို အဓိကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရခိုင်ဘက်ကရာသီဥတုက အရမ်းကြီးပြောင်းလဲနေတဲ့အနေအထား မမြင်ရသေးဘူး။ ဒီနေ့လောက်မှ စပြောင်းရင်လည်း ပြောင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။

လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနေပြီး ယနေ့ မုန်တိုင်းငယ်ဖြစ်ကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဖြစ်ပြီး ယနေ့နံနက်မှ စတင်ကာ အဆိုပါမုန်တိုင်းကို ပြည်သူများကြိုတင်ပြင်ဆင်ရမည့် လိမ္မော်ရောင်အဆင့်သတ်မှတ်လိုက်ကြောင်း မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *