April 26, 2024

၉. ၅. ၂၀၂၃
Written by Pan Ei

လေ့လာမှုအသစ်တစ်ခုအရ အသက် ၂၀ နဲ့ အသက် ၃၀ အရွယ် အရွယ်ရောက်ပြီးသူတွေမှာ စိတ်ကျန်းမာရေးထိခိုက်မယ်ဆို နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ ရောဂါတွေ ဖြစ်နိုင်ချေပိုများတယ်လို့ သိရပါတယ်။

တနင်္လာနေ့တုန်းက ထုတ်ဝေခဲ့တဲ့ European Journal of Preventive Cardiology လေ့လာမှုဟာ ကိုရီးယားအမျိုးသားကျန်းမာရေးအာမခံဝန်ဆောင်မှုဒေတာအချက်အလက်တွေကတစ်ဆင့် လူပေါင်း ၆ ဒသမ ၅ သန်းကျော်ရဲ့ ကျန်းမာရေးအချက်အလက်တွေကို ကြည့်ရှုခဲ့ပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေ့လာမှုအသစ်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြား ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့တဲ့ အသက် ၂၀ ကနေ ၃၉ နှစ်အကြားရှိတဲ့လူတွေပါဝင်ပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ၁၃ ရာခိုင်နှုန်းခန့်ဟာ အိပ်မပျော်ခြင်း၊ စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဒဏ်ရာတွေကြောင့် စိတ်ဖိစီးမှုများခြင်း၊ အစားအသောက်မမှန်ခြင်း၊ စိတ်ကြွရောဂါရှိခြင်း၊ Schizophrenia ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

အသက် ၄၀ အောက် စိတ်ရောဂါရှိသူတွေ၊ စိတ်ကျန်းမာရေးထိခိုက်သူတွေဟာ စိတ်ဝေဒနာမရှိသူတွေထက် နှလုံးဖောက်နိုင်ခြေ ၅၈ ရာခိုင်နှုန်း ပိုများပြီး လေဖြတ်နိုင်ခြေကလည်း ၄၂ ရာခိုင်နှုန်း ပိုများတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။

“စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက ဆက်စပ်နေတယ်လို့ ကျွန်မတို့ အချိန်အတော်ကြာကတည်းက သိထားပေမယ့် ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အံ့သြစရာကောင်းတာက ဒီချိတ်ဆက်မှုတွေကို လူတွေရဲ့ငယ်ရွယ်စဉ်မှာ မြင်တွေ့နိုင်ခဲ့တာပါ” လို့ အပြုအမူနဲ့ ဦးနှောက်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Katherine Ehrlich က ပြောကြားခဲ့ပြီး စိတ်ရောဂါဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက်က မှတ်သားထားဖို့ အရေးကြီးပါတယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်ဆေးမှုတွေ၊ လေ့လာမှုတွေအရ အခုခေတ်မှာ အသက် ၂၀ နဲ့ ၃၉ နှစ်ကြား လူ ၈ ဦးမှာ တစ်ဦးဟာ စိတ်ရောဂါတစ်မျိုးမျိုးခံစားနေရတယ်လို့ ဆိုးလ်အမျိုးသား တက္ကသိုလ်ဆေးရုံမှ သုတေသီ ဒေါက်တာ ချန်းဆွန်း ပါ့ခ်က ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး တွေ့ရှိချက်တွေဟာ အထီးကျန်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးပြီး စိတ်ရောဂါရှိသူအများစုဟာ လူမှုရေးဆက်ဆံရေးမှာ သီးခြားဖြစ်နေတာတွေနဲ့ အထီးကျန်မှုတို့ကြောင့်ဖြစ်သလို အထီးကျန်တာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုတေသီတွေက သတိပေးနှိုးဆော်ထားပြီးသားဖြစ်ပါတယ်” လို့ Ehrlich က ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *