၉. ၅. ၂၀၂၃
Wrtitten by Thandar

အိမ်ထောင် ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် ‘စနှိုက်ကြော်၊ မယားငယ်’ နေရာမှ သူချစ်ခင် ဇာတ်ကောင်မှာ ပြင်ပလောကတွင်လည်း အမှန်တကယ် ရှိသည်ဟုဆိုကာ ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်နေကာ လူမှုကွန်ရက်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားမျှဝေမှုများ ရှိနေသည်ကို တွေ့မြင်ရသည်။

အိမ်ထောင်ဇာတ်လမ်းတွဲတွင် အံ့ထူးထက် ဆိုသော အမျိုးသားက ဇနီးသည် ဒေါက်တာမြဒေဝီကျော်၏ နောက်ကွယ်တွင် သူချစ်ခင် ဆိုသော အမျိုးသမီးနှင့် ဖောက်ပြားခဲ့ကြောင်းကို ဇာတ်လမ်းတွင် ထည့်သွင်းရိုက်ကူးခဲ့ခြင်းဖြစ်ကာ အံ့ထူးထက် ဇာတ်ကောင်နေရာတွင် ကျော်ထက်အောင်၊ ဒေါက်တာမြဒေဝီကျော် နေရာတွင် အကယ်ဒမီ ချောရတနာနှင့် သူချစ်ခင် ဇာတ်ကောင်နေရာတွင် ရတနာဗိုတို့က သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဇာတ်လမ်းမှာ ပရိတ်သတ်များအကြား ပေါက်နေသည့် ဇာတ်လမ်းတစ်ခုဖြစ်နေသည့်အပြင် အဆိုပါဇာတ်လမ်းမှာလည်း ပြင်ပတွင် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟုဆိုကာ ပရိသတ်များအကြား သတင်းဖြစ်ပေါပြီးနောက် အဆိုပါ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်တစား ဖြစ်ခဲ့ကြခြင်း ဖြစ်သလို လွန်ခဲ့ရှစ်နှစ်က ကွယ်လွန်ခဲ့သည့် ဆရာဝန်အမျိုးသမီး၏ Memorial အကောင့်တွင် ဆွေမျိုးတော်စပ်သူတစ်ဦးက Tag တွဲထားသည့်ပုံအား မျှဝေသူများနှင့် Comment ပေးသူများလည်း များပြားလျက်ရှိနေသည်။

အိမ်ထောင်ဇာတ်လမ်းတွင် ဒေါက်တာမြဒေဝီကျော် ဇာတ်ကောင်က အဆုံးစီရင်သွားသကဲ့သို့ ပြင်ပတွင်လည်း အဆိုပါ ဖြစ်စဉ်မျိုး ၂၀၁၅ ခုနှစ်ကပင် ဖြစ်ခဲ့ကြောင်း ပြန်တင်ခဲ့ကြပြီးနောက် ပရိတ်သတ်များက စိတ်ဝင်တစား ဖြစ်ခဲ့ကြခြင်းဖြစ်ကာ သူချစ်ကောင် ဇာတ်ကောင်နှင့် တူနေသော အမျိုးသမီးမှာလည်း ပြင်ပတွင် အမှန်တကယ် ရှိနေသည်ဟု ဆိုကာ ပရိသတ်များက အွန်လိုင်းထက်တွင် ခြေရာခံမိကြသည်။

ထို့နောက် အဆိုပါ အမျိုးသမီး၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အကောင့်ကိုလည်း ပြန်လည်မျှဝေခြင်းမျိုး ရှိခဲ့ကာ လက်ရှိတွင် အဆိုပါ အကောင့်ကို တွေ့ရခြင်း မရှိတော့သော်လည် အမျိုးသမီးငယ် အလုပ်လုပ်သည့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် သွားရောက်ကာ မှတ်ချက်များ ရေးသားနေကြသည်ကို တွေ့မြင်ရသည်။

ထို့အတူ ‘သူချစ်ခင်’ ဆိုသော ဇာတ်ရုပ်နှင့် ပြင်ပတွင် တကယ်ရှိနေသူ စနှိုက်ကြော်အမျိုးသမီးဖုန်းနံပါတ်နှင့် နာမည်မှာလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာ၍ ငွေလွှဲ Pay အကောင့်များမှ ငွေတစ်ကျပ်လွှဲကာ ဆဲဆိုစာပို့နေကြသည့်ဖြစ်စဥ်ကိုလည်း တွေ့မြင်နေရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခံရသူများဘက်က မှတ်ချက်တစ်စုံတရာ ထွက်ပေါ်လာခြင်း မရှိသေးသည်ကို တွေ့ရပြီး အထက်ပါဖြစ်စဉ်မှာ လက်တလော လူမှုကွန်ရက် အသုံးပြုသူများအကြား စိတ်ဝင်စားမှု အလွန်မြင့်တက်နေသည့် အကြောင်းအရာ ဖြစ်နေသည်။

အဆိုပါ ဖြစ်စဉ် မဖြစ်ပွားမီ မေလ ၈ ရက် ညပိုင်းတွင် ဒေါက်တာ မြဒေဝီကျော် ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့သူ ချောရတနာက ၎င်း၏ လူမှုကွန်ရက် ဖေစ့်ဘွတ်ခ် စာမျက်နှာထက်တွင် ဇာတ်ဝင်ခန်း ဓာတ်ပုံနှင့်အတူ စာအချို့ကို တင်ထားခဲ့ပြီး အဆိုပါစာမှာ “ပညာတတ် ဂုဏ်သိက္ခာကိုတန်ဖိုးထားသူ အချစ်ကြီးသူ အရှက်အကြောက်ကြီးသူ သူ့ဂုဏ်ကိုမှ မငဲ့ မိသားစုအတွက်၊ သားအတွက် မယားငယ်ကို ဒူးထောက် လင်ယောက်ျားကို ဒူးထောက်ခဲ့မိတာတွေအတွက် ရှက်တာရော ကိုယ်ချစ်တဲ့သူ ဆုံးရှုံးရတဲ့ ရင်ထဲကအပူမီးတွေကြောင့် သူ့ကိုယ်သူ ဒီလို လမ်းရွေးသွားတာ သူ့စိတ် ပျော့ညံ့ရကောင်းလားလို့ မပြောပါနဲ့ သူ့လိုမခံစားဖူးရင် သူ့ကိုစာနာနိုင်မှာမဟုတ်ဘူး ဆရာမဒေါက်တာ မြ” ဟု ရေးသားထားရာ အဆိုပါ ပို့စ်တွင်လည်း လူအများက မျှဝေခြင်း၊ Reaction ပေးခြင်းများ များပြားခဲ့သည်။

အထက်ပါ ဖြစ်စဉ်ကို နာမည်ကြီးသူများကလည်း စိတ်ဝင်စားနေကြောင်း တွေ့မြင်ရပြီး လူမှုကွန်ရက်တွင် မေလ ၉ ရက် အတွက် လူအများ စိတ်ဝင်စားခံရမှု အများဆုံး အကြောင်းအရာလည်း ဖြစ်ခဲ့သည်မှာ ငြင်းမရနိုင်ပေ။

Leave a Reply

Your email address will not be published. Required fields are marked *