၉. ၅. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည့် ဆောင်းဆိုခါက ၎င်း၏ဆုံးဖြတ်ချက်အားပြန်လည်စဉ်းစားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ပြီးနောက်တွင်မူ ဥက္ကဋ္ဌ တာဝန်အား ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မေလ ၉ ရက်တွင် ပြောကြားခဲ့သည်။

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲအုပ်စုပွဲစဉ်၌ ကမ္ဘောဒီးယား ယူ-၂၂ အသင်းက မြန်မာယူ-၂၂ အသင်းကို မေလ ၇ ရက်၊ တနင်္ဂနွေနေ့က နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးပြီးချင်းမှာပင် ကမ္ဘောဒီးယား ယူ-၂၂ အသင်းအဖို့ အကြိုဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်အနည်းငယ်သာ ကျန်ခဲ့ရသည့်အတွက် ၎င်း၏ ကတိအတိုင်း တာဝန်မှနုတ်ထွက်မည်ဟု ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆောင်းဆိုခါက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယတပ်မှူးနှင့် အမျိုးသားဥပဒေထိန်းသိမ်းရေးနှင့် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့၏ တပ်မှူးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီးဆောင်းဆိုခါ က ကမ္ဘောဒီးယားယူ-၂၂ အသင်း အကြိုဗိုလ်ပွဲမရောက်ရှိခဲ့လျှင် ၎င်းအနေဖြင့် ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်မှနုတ်ထွက်မည်ဟု ကြေညာခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာအသင်းကို ရှုံးနိမ့်ချိန် ၎င်းပြုလုပ်ခဲ့သည့်ကတိအတိုင်း ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မည်ဟု မေလ ၇ ရက်တွင်ပင် ကြေညာခဲ့သည်။

သို့သော် မေလ ၈ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဆောင်းဆိုခါထံ အသံသတင်းပို့ချက် တစ်ခုပို့ခဲ့ရာတွင် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားစေလိုကြောင်း၊ ကမ္ဘောဒီးယားဘောလုံးလောကတိုးတက်ရန် ခေါင်းဆောင်ခဲ့သူဖြစ်၍ ဤဆုံးဖြတ်ချက်အပေါ် ပြည်သူအများအပြားက စိတ်ပျက်၍ စိတ်မကောင်းဖြစ်နေကြကြောင်း ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်နှင့် ဘောလုံးပရိသတ်များ၏ တောင်းဆိုမှုများအရ ၎င်းအနေဖြင့် ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည်ဟု မေလ ၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

Ref—–Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *