၉. ၅. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားကို တင်ဆောင်လာသောကားကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန်အတွင်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာထိဝပ်ခရိုင်၊ ယီ‌ငေါမြို့နယ်၊ သပေါယော့ကျေးရွာ၏ ဗလီတစ်ခုရှေ့တွင် ပြီးခဲ့သောရက်ပိုင်းက မြန်မာအလုပ်သမားများတင်ဆောင်လာသောကားတစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား ၂ ဦးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရခဲ့ကြောင်း နရာထိဝပ်‌ခရိုင်ဒေသသတင်းဌာနများက ဖော်ပြချက်အရ သိရသည်။

အဆိုပါ ကားပေါ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၁၃ ဦးပါဝင်ခဲ့ကြောင်းသိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသော ကားသည် ထိုင်းစစ်ဆေးရေးဂိတ်တွင် နရာထိဝပ်ခရိုင်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးချိန် စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် ကားအရှိန်လွန်ကာ ထိန်းနိုင်ခြင်းမရှိဘဲ တိမ်းမှောက်သွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံမျက်မြင်သက်သေများကပြောသည်။

ဒေသခံများ၏အဆိုအရ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သော မြန်မာနိုင်ငံသားများကို ဆေးရုံတင်ပို့ထားပြီး နှစ်ဦးက သေဆုံးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် သေဆုံး၊ ဒဏ်ရာရရှိခြင်းမရှိသူများကို ထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရာက်မှုများကို တားဆီးနိုင်ရန် လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားများနှင့် ပွဲစားများ မကြာခဏဖမ်းမိလျက်ရှိနေကြောင်း သိရသည်။
Ref——-mgronline

Leave a Reply

Your email address will not be published. Required fields are marked *