MT News

Written By Thandar

အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) တည်ထောင်ထားတဲ့ 3H Art Academy နဲ့ Myanmar Universe Academy Pageant Production (MUAPP) Co.Ltd တို့ ပူးပေါင်းကျင်းပမယ့် Film Star Award ပြိုင်ပွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲက ဝါသနာရှင် မျိုးဆက်သစ် အနုပညာရှင်များစွာကို မွေးထုတ်ပေးမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အမှန်တကယ် အနုပညာကို ဝါသနာပါသူ မည်သူမဆို လာရောက်လျှောက်ထားပါ၀င် ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။

“အခုလိုမျိုး ပြိုင်ပွဲတွေကို ဆောင်ရွက်တာက မျိုးဆက်သစ် အနုပညာရှင်တွေ လူသစ်တွေကို မွေးထုတ်ပေးချင်လို့ပါ။ ဒီပြိုင်ပွဲမှာ အသက်အရွယ် ကန့်သတ်ထားခြင်း မရှိပါဘူး။အိမ်ထောင်ရှိသူလည်းပါဝင်လို့ရတယ်။ နယ်ပယ်စုံ ကဏ္ဍစုံကအနုပညာကို ဝါသနာပါတဲ့သူတွေ မည်သူမဆို လာရောက်လျှောက်ထားလို့ရပါတယ် “လို့ အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ရွေးချယ်ခံရသူတွေကို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်း သင်ကြားပို့သမှုတွေ ပြုလုပ်ပြီး 3H Art Academy က ရိုက်ကူးမယ့် ရုပ်ရှင်ကား ၊ ဇာတ်လမ်းတွဲ၊ short film တွေမှာ ထည့်သွင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ Film Star Award ပြိုင်ပွဲအတွက် အသေးစိတ်အချက် အလက်‌တွေနဲ့ လျှောက်လွှာထုတ်ယူနိုင်မယ့်နေရာတွေကို မေ ၈ ရက်မှာ Film Star Award Page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်။

“ဘာအကျိုးမြတ်ရချင်လို့ ဒီပွဲကို လုပ်တာလဲမေးရင် ကျွန်တော်တို့အတွက် အကျိုးအမြတ် ဆိုတာထက် လမ်းပျောက်နေတဲ့ လူငယ်၊ လူကြီးတွေအတွက် စီစဉ်တာပါ။ ဒီပွဲအတွက် ဖောင်ကြေး၊ Camp ကြေး အကုန်လုံး အခမဲ့ပါ။ သူတို့က အနုပညာ Talent ပိုင်းတစ်ခုကိုပဲ ချပြပေးရမှာပါ။ အနုပညာကို မြေတောင်မြှောက်ပေးတဲ့ သဘောနဲ့ ဒီပြိုင်ပွဲလေးကို စီစဉ်ကျင်းပတာဖြစ်ပါတယ်” လို့ Myanmar Universe Academy Pageant Production (MUAPP)Co.Ltd ရဲ့ CEO ရည်မှန်းအောင်က ပြောပါတယ်။

ပြိုင်ပွဲ၀င်တွေ အနေနဲ့ Film Star Award Winner ဆုရရှိသူ နဲ့ ဆန်ကာတင်‌တွေက 3H Art Academy နဲ့ Myanmar Universe Academy Pageant Production (MUAPP) Co.Ltd တို့က ရှေ့ဆက်လုပ်ဆောင်မယ့် အနုပညာလှုပ်ရှားမှုတွေမှာ ပါ၀င်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *