၁. ၅. ၂၀၂၃
Written by Hey Mar

ချောင်းသာကမ်းခြေအခြေစိုက် ဟိုတယ်တစ်ခုတွင်ခရီးသွားဧည့်သည်တစ်ဦး ရေချိုး Shower မှတစ်ဆင့် လျှပ်စစ်ကူးစက်ကာ ဓာတ်လိုက်သေဆုံးသည့်ဖြစ်စဥ် ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်ကဖြစ်ပွားခဲ့ကြောင်း အဆိုပါဟိုတယ် တာဝန်ရှိသူမှ ဖြစ်စဥ်ကို အတည်ပြုပြောဆိုသည်။

ဖြစ်စဥ်မှာ ဟိုတယ်အပြင်ဘက်တွင် ဧည့်သည်များ ပင်လယ်ဆားငံရေနှင့် သဲများဆေးကြောရန်ထားပေးသော Shower Pump မှတစ်ဆင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဧည့်သည်အမျိုးသား ၃ ဦး ကမ်းခြေမှ တက်လာပြီး အဆိုပါ Pump အောက်တွင် ရေချိုးစဥ် အနီးရှိ လျှပ်စစ်မီးကြိုးမှတစ်ဆင့် လျှပ်စစ်ဓာတ်ကူးစက်ကာ ဓာတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် ဟိုတယ်မှတာဝန်ရှိသူက “ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဥ်ပါခင်ဗျာ” အင်မတန်လည်း စိတ်မကောင်းဖြစ်ရပြီး တာဝန်ယူမှူ ဝာာဝန်ခံမှုရှိရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ကာယကံရှင်တွေ ကျေနပ်သည်အထိ အလုံးစုံ ဆောင်ရွက်ပေးသွားမှာပါ။ ကျွန်တော်တို့ ထရန်စဖော်မာဆီ သွားတဲ့ မီးကြိုးလိုင်းက အဲ့ဒီနားမှာရှိနေတာပါ။ ကျွန်တော်တို့လည်း PVC ပိုက်တွေနဲ့ သေချာလုပ်ထားတာပါ။ မတော်တဆ ဖြစ်သွားခဲ့တာပါခင်ဗျာ” ဟု MT Newsမှ ဆက်သွယ်မေးမြန်းစဥ် ပြန်လည်ဖြေကြားသည်။

ဟိုတယ်အနေဖြင့် အခင်းဖြစ်ပွားသည့် လျှပ်စစ်ဓာတ်အားကြိုး၌ ပိုက်ဆက်နေရာ ဟနေပြီး မီးကြိုးပေါက်သည့်နေရာကိုလည်း ပြင်ဆင်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ဧည့်သည့် ၃ ဦးအနက် ၁ ဦးသေဆုံးခဲ့ကာ ကျန် ၂ ဦးမှာ ထိခိုက်ဒဏ်ရာကြီးကြီးမားမရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်သို့ ယနေ့မနက်အစောပိုင်းတွင် ပြန်လည်သယ်ဆောင်သွားပြီဖြစ်ကြောင်းလည်း သိရသည်။

ချောင်းသာကမ်းခြေသည် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပခရီးသွားပြည်သူ အများဆုံးလာရောက် အပန်းဖြေလည်ပတ်ကြသည့်ကမ်းခြေဖြစ်ပြီး ဟိုတယ် ၃၉ လုံးနှင့် တည်ခိုခန်း ၅၉ လုံးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *