April 26, 2024

အကျဥ်းသားများပြန်လွှတ်ပေးမှုကြောင့် ယမန်နှစ် အဆင့် ၃ မှ ယခုနှစ်တွင် အဆင့် ၄ သို့ လျော့ကျ

၂၉. ၄. ၂၀၂၃
Written by Nay Aung

အမေရိကန်အခြေစိုက် PEN America အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၏ လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ အညွှန်းကိန်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်အတွက် ဖမ်းဆီးထောင်ချခံနေရသော စာရေးဆရာနှင့် သတင်းစာ ဆရာ အများဆုံးနိုင်ငံများထဲတွင် ထိပ်ဆုံးငါးနိုင်ငံထဲ၌ ပါဝင်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်အတွက် ဖမ်းဆီးထောင်ချခံနေရသော စာရေးဆရာနှင့် သတင်းစာဆရာအများဆုံး နိုင်ငံများထဲတွင် ဘီလာရုစ်၊ ဗီယက်နမ်တို့နှင့်အတူ ကမ္ဘာ့​အဆင့် ၄ နေရာတွင် ပူးတွဲရပ်တည်လျက်ရှိနေကြောင်း သိရသည်။

နယူးယောက်မြို့အခြေစိုက် PEN America အဖွဲ့ က ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများတွင် စာရေးဆရာ၊ သတင်းစာ ဆရာဦးရေ ၃၁၁ ဦး ဖမ်းဆီးထောင်ချခံနေရဆဲဖြစ်ကြောင်းဖော်ပြထားသည်။ တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့က
လွတ်လပ်စွာရေးသားခွင့်အတွက် စာရေးဆရာများ အများဆုံး ဖမ်းဆီးထောင်ချခံနေရသော နိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရှိနေခဲ့ကြောင်း တရုတ်နိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာဦးရေ ၉၀၊ အီရန်က  ၅၇ ဦးနှင့် ဆော်ဒီအာရေဗျက ၂၀ ဖမ်းဆီးထောင်ချထားဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာရေးသားခွင့်အတွက် စာရေးဆရာနှင့် သတင်းစာဆရာ၊ ကဗျာဆရာဦးရေ ၁၆ ဦး ထောင်ချခံနေရဆဲဖြစ်ကြောင်း PEN America က ဖော်ပြခဲ့သော အညွှန်းကိန်းအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာများ ဖမ်းဆီးထောင်ချခံရမှု မြင့်တက်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသော စာရေးဆရာ၊ သတင်းစာ ဆရာ၊ ကဗျာဆရာအချို့ကို ၂၀၂၁ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၁၆ ဦး ထောင်ချခံထားရဆဲဖြစ်ကြောင်း PEN America အဖွဲ့ကဆိုသည်။ ဖမ်းဆီးထားသော စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာအချို့ကိုပြန်လည်လွတ်ပေးခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွက်လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ အညွှန်းကိန်းတွင် အဆင့် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွက် လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ အညွှန်းကိန်းတွင် မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ ဖမ်းဆီးထောင်ချခံရမှုအများဆုံး ထိပ်ဆုံးနိုင်ငံများထဲ၌ အဆင့် ၃ နေရာတွင်ရှိနေခဲ့ကြောင်း PEN America အဖွဲ့က ဖော်ပြထားသည်။

Ref —- PEN America
#Myanmar #usa #vietnam #China
#myanmar_transparency_news #mtnews

Leave a Reply

Your email address will not be published. Required fields are marked *