April 18, 2024

၂၉. ၄. ၂၀၂၃
Written by Ye Kyaw

ကမ္ဘာ့ဆန်စားသုံးမှုနှင့် ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေး တစ်နှစ်ကျော်အတွင်း ၇၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၂၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းကြောင့် အခြေခံလူတန်းစားများ အခက်ကြုံနေရသည်မှာ အမှန်ပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆန်အများဆုံးစားသုံးသော နိုင်ငံများတွင် ကမ္ဘာ့အဆင့် ၈ နေရာ ရပ်တည်နေပြီး ဆန်အများဆုံးတင်ပို့သော နိုင်ငံများတွင် ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်နေကြောင်း ယခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် ဂျာမနီအခြေစိုက် သုတေသီအဖွဲ့အစည်းတစ်ခုဖြစ်သော Statista က ဖော်ပြခဲ့သည်။

ဆန်စားသုံးမှုမြင့်မားလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစားဆန်ဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း သိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ မြင့်တက်ခဲ့မှုများက ပြည်တွင်းဈေးကွက်သို့ ဆန်ဝင်ရောက်မှု နည်းလာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာသဖြင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဆန်စပါးရောင်းဝယ်သူများထံမှ သိရသည်။

ယခု ဧပြီလကုန်ပိုင်းတွင် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဥ်ပါက တစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းစားဆန် တစ်အိတ်ဈေးနှုန်းသည် ဆန်အမျိုးအစားအလိုက် ပေါ်ဆန်းဆန် (ရိုးရိုး) ၇၅ ရာခိုင်နှုန်း၊ ဖျာပုံပေါ်ဆန်းဆန် ၇၄ ရာခိုင်နှုန်း၊ ကြားပျံရှယ်ဆန် ၈၃ ရာခိုင်နှုန်း၊ ဧည့်မထဆန် ၁၀၇ ရာခိုင်နှုန်း၊ ငစိန်ဆန် ၁၂၉ ရာခိုင်နှုန်း၊ ရက် (၉၀)ဆန် ၁၁၆ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ သိရသည်။

“ဆန်ကြမ်းရော၊ ဆန်ချောရော အကုန်ဈေးတက်တာ။ ကျွန်တော်တို့က လက်ကျန်ဖြတ်နေတာမို့ ရွှေဘို တစ်ပြည်ကို ထူးရှယ်ကို ၄၄၀၀ အသင့်သင့်ပေါ့။ ထူးထူးရှယ်ကတော့ ၅၄၀၀ နဲ့ ရောင်းနိုင်တာ။ ဒါကအရင်တုန်းက ဝယ်ထားတဲ့ဆန်တွေမို့လို့ နောက်ဟာတွေဆို အကုန်ဈေးတက်တယ်။ တစ်အိတ်ကို ၈၀၀၀ လောက်တက်တယ်။ မဂျမ်းတောဆိုတဲ့ အညာဆန်ဆိုရင် အခု ၄၂၀၀ ဒါလက်ကျန် နောက်ရက်ဆိုမရတော့ဘူး။ ဟိုမှာ ပစ္စည်းတွေ ပြတ်နေပြီ။ အဓိကတော့ အညာဆန်တွေ” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေးရှိ ဆန်အရောင်းဆန်မှ တာဝန်ရှိသူက ပြောသည်။

ထို့အတူ ပြည်တွင်း၌ လူကြိုက်များသည့် ‌ရွှေဘိုပေါ်ဆန်း(ထူးထူးရှယ်) ဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပို၍မြင့်တက်လာခဲ့ပြီး တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကာ မတ်လဆန်းပိုင်းတွင် တစ်အိတ်လျှင် ကျပ် ၁၃၇,၀၀၀ အထိ မြင့်တက်ခဲ့သည်။ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ ဧပြီ ၂၈ ရက်တွင် ပေါ်ဆန်းဆန် (ရိုးရိုး) တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ အထိသာ အမြင့်ဆုံးဖြစ်သည်။

ပြည်တွင်းစားသုံးသည့် ဆန်ချောအမျိုးအစားများကို အညာဒေသ မြန်မာပြည်အလယ်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း နယ်မြေမအေးချမ်းခြင်းကြောင့် စိုက်ပျိုးမှုလျော့ကျခဲ့သည့်အပြင် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များလည်း မြင့်တက်မှုများရှိခဲ့ကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။

ပြည်တွင်းစားဆန် ဆန်ချောများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း စတင်ဈေးနှုန်းမြင့်လာခဲ့ရာ ဆန်ချောမစားနိုင်တော့သည့်ပြည်သူများ ဆန်ကြမ်းပြောင်းလဲစားသုံးလာမှုကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆန်ကြမ်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့သည်။ လက်ရှိအချိန်တွင် အခြေခံလူတန်းစား စားသုံးသည့် ဆန်ကြမ်းဈေးနှုန်း တစ်နှစ်ကျော်အတွင်း ၁၀၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။

“ဆန်ဈေးက မှန်းလို့ကိုမရဘူး။ သင်္ကြန်မတိုင်ခင်နဲ့ အခုတောင် ဈေးကတက်နေတာ။ ဆန်အိတ်ဆွဲစားတာ အရောပေါ့နော်။ အဲဒါက အခုတစ်သိန်းကျော်ပြီ။ သင်္ကြန်မတိုင်ခင်က ကိုးသောင်းလေ။ အခုအကြမ်းထဲက ကောင်းတာတောင် တစ်ပြည် ၃၂၀၀ မရတော့ဘူး။ ၃၆၀၀ ဖြစ်သွားပြီ။ ကျန်တာတက်တာထက် ဆန်တက်တာက ပိုပြီးဒုက္ခရောက်တယ်။ အကုန်တက်နေတော့ ဘယ်တက်နိုင်မလဲ။ ဒီဈေးဆိုတော့လည်း ဒီဈေးနဲ့ပဲ ဝယ်စားနေရတာပါပဲ” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်မည်ဖြစ်၍ ဝင်ငွေဒေါ်လာ တစ်ဘီလျံရရှိနိုင်မည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကောင်းမွန်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများ ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ မဟာသင်္ကြန်ရုံးပိတ်ရက်များအပြီးတွင် ယခင်ထက် ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“အခုရက်တော့ နည်းနည်းပြန်ဝင်လာတယ်။ ဆန်ဈေးလည်းနည်းနည်းမြောက်လာတော့ နယ်ကုန်သည်တွေ ပြန်ကြိတ်ကြတယ်။ တစ်ရက်ကို ဆန်ရော၊ ဆန်ကွဲရော အိတ်ငါးသောင်းလောက် ဝင်တယ်။ သင်္ကြန်ပြီးပြီးချင်းက လုပ်ငန်းသိပ်မလည်ပတ်သေးတော့ ဆန်အိတ် နှစ်သောင်းနဲ့ သုံးသောင်းကြားလောက်ပဲ ဝင်တယ်။ ဒီဘက်ကျတော့ ဆန်ဈေးကလည်း တက်လာတော့ ဆန်အိတ်ငါးသောင်းလောက်ပြန်ဝင်လာတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူက ပြောသည်။

ပြည်တွင်းစားဆန်ဈေးကွက်သို့ လာမည့် စပါးပေါ်ချိန်ဖြစ်သည့် ၂၀၂၃ စက်တင်ဘာနှင့် အောက်တိုဘာလများမှသာ ပြည်တွင်းစားသုံးသည့် ဆန်ချောနှင့်ဆန်ကြမ်း ယခုထက်ပို၍ ပြန်လည်ဝင်ရောက်လာနိုင်ကြောင်း၊ ယခုကြားကာလအတွင်း ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာခြင်း ရှိ/မရှိကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ဆန်/စပါးပွဲစားများထံမှ သိရသည်။

“အခုက စပါးကို ကျွန်တော်တို့လည်း အမြင့်ဈေးပေးဝယ်ကြိတ်နေရတာ။ ဟိုအရင်နှစ်တွေဆို ငွေတိုးတို့၊ ရက် (၉၀)တို့က ရှစ်သိန်းပတ်ချာလည်ပဲရှိတာ။ မနှစ်ကဆို ၁၀ သိန်းတစ်ပတ်လည်ကနေ အခုဆို ၁၅ သိန်းကျော်နေပြီ။ စပါးဈေးကောင်းလို့ဆိုပြီး တောင်သူလည်းမမြတ်ဘူး။ စိုက်ပျိုးစရိတ်တွေက အရမ်းတက်တာလေ။ ဝယ်ရောင်းသမားကလည်း စပါးဈေးမြင့်ပေးထားရတော့မှ ဆန်ဈေးလည်းမြင့်တာပေါ့” ဟု ပဲခူတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ စပါးပွဲစားတစ်ဦးက ပြောသည်။

လာမည့်နှစ်များတွင်လည်း စိုက်ပျိုးစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ သွင်းအားစု တင်သွင်းစရိတ်များ ယခုထက် ပို၍မြင့်တက်ခြင်းမရှိပါကလည်း ဆန်စျေးကျသွားနိုင်သည့်အခြေအနေမရှိသည့်အပြင် ဆန်စားသုံးမှုများသောနိုင်ငံဖြစ်၍ ဆန်လိုအပ်ချက်လည်း ပိုမိုဖြစ်ပေါ်နိုင်ခြင်းကြောင့် ပြည်တွင်းဆန်ဈေးနှုန်းသည် အကျဘက်ထက် အတက်ဘက်ကိုသာ ဦးတည်နိုင်မည်ဖြစ်သလို ပြည်သူများလည်း ပိုမိုကျပ်တည်းဒုက္ခရောက်ဦးမည့် ဆန်စျေးကွက်အခြေအနေ ပိုမိုဖြစ်ပေါ်လာနေပြီလည်းဖြစ်သည်။

ပုံစာ-သက်သာသောဈေးနှုန်းဖြင့် အသင်းအဖွဲ့များ ရောင်းပေးသည့်ဆန်ကို ပြည်သူများ ဝယ်ယူနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *