April 19, 2024

၂၉.၄.၂၀၂၃
Translated by Htwe Ko Tun

ရန်ငြိုးရှိခဲ့ဖူးသည့် အရက်ဆိုင်ပိုင်ရှင်နှင့် အဆောင်လက်ဖွဲ့ရောင်းသူတို့ မင်္ဂလာပွဲတစ်ခုတွင် ထိပ်တိုက်ဆုံရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံတွင် ဧပြီ ၂၅ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ ဆူရတ်သာနီပြည်နယ် မောင်းခရိုင်အတွင်း ဧပြီလ ၂၈ ရက်ညက မင်္ဂလာပွဲကျင်းပနေသော ဟိုတယ်တစ်ခု၏ ကားရပ်နားရန်နေရာ၌ သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ မင်္ဂလာပွဲတက်ရောက်ခဲ့သော အဆောင်လက်ဖွဲ့ကျွမ်းကျင်သူတစ်ဦးနှင့် အရက်ဆိုင်ပိုင်ရှင်တစ်ဦး၊ စုစုပေါင်းအမျိုးသားနှစ်ဦးသေဆုံး၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။

ထိုပစ်ခတ်မှုက မာခမ်တီယာခရိုင်ခွဲအတွင်း လီယန်မောင်းလမ်းပေါ်ရှိ Bunjongburi Hotel ၏ ကားရပ်နားရန်နေရာတွင် ဧပြီ ၂၈ ရက် ည ၈ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ရဲတပ်ဖွဲ့၊ မှုခင်းဆေးပညာအရာရှိများနှင့် ကယ်ဆယ်ရေးသမားများ အချင်းဖြစ်နေရာသို့ရောက်ရှိလာချိန်တွင် သေနတ်ကျည်ထိမှန်၍ လမ်းပေါ်တွင် လဲကျသေဆုံးနေသူနှစ်ဦးကို တွေ့ကြရသည်။

ပထမတစ်ဦးမှာ ဆူရတ်သာနီပြည်နယ်၏ သာချန်းခရိုင်အတွင်း Khunphaen Surat ဟု လူသိများသည့် အဆောင်လက်ဖွဲ့ကျွမ်းကျင်သူ အသက် ၃၅ နှစ်ရှိ ပါနူဖောင် စူဝန်နာဆင် ဆိုသူဖြစ်ကြောင်း တွေ့ခဲ့ကြရသည်။ ၎င်းအား ခေါင်း၊ ကိုယ်နှင့် ခြေထောက်များ၌ ကျည်ထိမှန်ချက်များတွေ့ရပြီး ၎င်း၏ဘယ်လက်အနီးတွင်လည်း ပစ္စတိုတစ်လက်ကို တွေ့ကြရသည်။

ယင်းနှင့် နှစ်မီတာခန့်အကွာတွင်မူ မောင်းခရိုင်အတွင်းမှ လူသိများသော Thonglor အရက်ဆိုင်ပိုင်ရှင် အသက် ၃၉ နှစ်အရွယ် Wirat “Jane Thonglor” Sudphakdee ကိုလည်း ၎င်း၏ ဦးခေါင်း၊ ခန္ဓာကိုယ်၊ တင်ပါးနှင့် ညာခြေတို့တွင် ကျည်ထိမှန်ချက်များစွာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ကြရပြန်သည်။ ထိုနေရာတစ်ဝိုက်မှလည်း ကျည်ခွံ ၁၅ ခု ပြန့်ကျဲနေသည်ကို တွေ့ခဲ့ကြရသည်။

ထို့ပြင် အမျိုးသမီးနှစ်ဦးကိုလည်း ကျည်ထိမှန်ဒဏ်ရာများဖြင့်တွေ့ခဲ့ကြရာ တစ်ဦးမှာ အသက် ၃၀ အရွယ် ကန်ဆီရီ စူဝန်နာဆင် ဆိုသူဖြစ်ပြီး သေဆုံးနေသည့် အဆောင်လက်ဖွဲ့ကျွမ်းကျင်သူ၏ဇနီးဖြစ်သည်။ အခြား ဒဏ်ရာရအမျိုးသမီးကမူ အသက် ၂၀ ခန့်ရှိကာ Thanaithorn Luethang အမည်ရှိပြီး ထရန်းပြည်နယ်မှဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

၎င်းတို့လေးဦးမှာ ဟိုတယ်အနောက်ဘက် အဆောက်အအုံတစ်ခုတွင်ကျင်းပသော မင်္ဂလာပွဲသို့လာရောက်ခဲ့ကြခြင်းဟု ရဲတပ်ဖွဲ့က ဖော်ထုတ်သိရှိခဲ့သည်။ အဆောင်လက်ဖွဲ့ရောင်းသူ ပါနူဖောင်နှင့် အရက်ဆိုင်ပိုင်ရှင် Wirat တို့မှာ မိတ်ဆွေများဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် နှစ်ဦးအကြား ပဋိပက္ခဖြစ်လာခဲ့ကြသည်မှာ နှစ်နှစ်ကျော်ရှိပြီဟုလည်း တွေ့ရှိခဲ့သည်။ မင်္ဂလာပွဲအပြီးတွင် ၎င်းတို့နှစ်ဦး ကားရပ်နားရန်နေရာသို့လျှောက်လာကြကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ်တစ်ခုအရမူ ပါနူဖောင်နှင့် ကန်ဆီရီတို့ စုံတွဲမှာ ဘန်ကောက်မြိုတွင် မူးယစ်ဆေးဝါးမှုဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်က ဖမ်းဆီးခံခဲ့ရဖူးသည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးမှ ာထောင်ဒဏ်အပြစ်ပေးခံခဲ့ရကာ ပါနူဖောင်ကထောင်မှထွက်လာပြီးနောက် အဆောင်အယောင်လက်ဖွဲ့များ အွန်လိုင်းမှ ရောင်းဝယ်ရေးပြုလုပ်နေပြီး Facebook လူမှုကွန်ရက်ရှိ ၎င်း၏စာမျက်နှာမှာ Follower တစ်သိန်းကျော်ရှိကြောင်းလည်း တွေ့ရှိရသည်။

Ref—Bangkok Post

ပုံစာ။ ထိုင်းနိုင်ငံ ဆူရတ်သာနီပြည်နယ်၊ မောင်းခရိုင်အတွင်း ဧပြီလ ၂၈ ရက်ညက မင်္ဂလာပွဲကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့သော Bunjongburi Hotel ၏ ကားရပ်နားရန်နေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *