March 28, 2024

၂၉. ၄. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံမှုနှင့် စပ်လျဉ်း၍ တပ်မတော်ကို သတင်းပေးသူဟုဆိုကာ သံဃာတစ်ပါးအပါအဝင် ဒေသခံပြည်သူလေးဦးကို NUG ဖမ်းဆီးထားပြီး အရေးယူအပြစ်ပေးနိုင်ရေး ဆောင်ရွက်နေသည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

NUG က ဖမ်းဆီးထားသူများမှာ ပဇီကြီးရွာဦးကျောင်းဆရာတော်ဟုဆိုသူ ဦးတိက္ခ(ခ) ဦးသိန်းရွှေ (၅၃) နှစ် (ဘ)ဦးပဲ၊ ဦးချို (၆၁) နှစ်(ဘ)ဦးတင်၊ ဦးဇော်မင်း (ဘ) ဦးကျန်တင် (၃၆) နှစ် နှင့် ဒေါ်ယဉ်ယဉ်ဝင်း (၃၀) နှစ်(ဘ)ဦးမြင့်စိုးတို့အား ဖမ်းဆီးထားသည်ဟု သိရသည်။

အဆိုပါ လေးဦးကို NUG ၏ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းက (ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု NUG က ဆိုသည်။

တပ်မတော်က လေကြောင်းတိုက်ခိုက်သည့် ပဇီကြီးရွာဖြစ်စဥ်မှာ ဧပြီ ၁၁ ရက် နံနက် ၇ နာရီခွဲအချိန်၌ ပဇီကြီးကျေးရွာတွင် NUG ၏ ပကဖများက ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်လှစ်ရာ လခရလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ချိန်တွင် NUG ၏ ပကဖများ နေရာအနှံ့ထောင်ထားသည့် မိုင်းများနှင့် သိုလှောင်ထားသည့် ခဲယမ်းများ ဆင့်ပွားပေါက်ကွဲကာ ကလေးသူငယ်များအပါအဝင် ၁၈၁ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ၂၉ ဦးရှိခဲ့သည်ဟု NUG က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *