April 20, 2024

ဓာတ်ပုံ -လောကဟိတာဝဟ လူမှုကူညီရေးအသင်း

၂၈. ၄. ၂၀၂၃
Written by Hey Mar

မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် မဟာဘောဂလမ်းတွင် ယနေ့ ဧပြီလ ၂၈ ရက်နေ့ မနက် ၁နာရီဝန်းကျင်အချိန်ခန့်က မိသားစု (၄)ဦး ၊ နေအိမ်ခန်းအတွင်း မီးပျက်နေစဉ် အပူချိန်များ၍ ချွေးထွက်လွန်မူးမေ့နေကြောင်း ကျီတော် လူမှုကူညီရေးအဖွဲ့သို့ အကူအညီတောင်းခံသဖြင့် လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ရကြောင်း MT News သို့ ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် ရာသီဥတုအပူဒဏ်ကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ချွေးထွက်လွန်ကာ သတိလစ်သည့် ဝေဒနာများခံစားရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က တိုက်ခန်းမှာ မိသားစုက ၁၀ ယောက်ရှိတယ်။ အသက်အကြီးဆုံး အမျိုးသားက အဖေပေါ့။ သူက ဆီးချိုကြောင့် ခြေဖျားလေးတွေ ဖြတ်ထားရတာ။ မီးကမလာ။ တိုက်ခန်းက အခန်းကျဥ်းတွေ ၁၂ ပေ ၅၀ အခန်းတွေ။ ဘေးက လေဝင်လေထွက်ပေါက်ကမရှိဘူး။ ရှေ့ပေါက်နဲ့ နောက်ပေါက်ပဲ ရှိတာ။ အောက်ထပ်ဆိုတော့ တံခါးတွေလည်း ဖွင့်မအိပ်ရဲကြတော့ အထဲမှာလှောင်ပိတ်ပြီး ချွေးတွေ တအားရွှဲနစ်နေကြတာ။ Heat Stroke ရကြတဲ့သဘောပဲ။ ဆီးချိုဝေဒနာသည်ကိုဆို ဆေးရုံမပို့ခင် မြေပြင်ပြုစုကုသမှု အတော်လုပ်ပေးလိုက်ရတယ်။ ကလေးကတော့ ကောင်းသွားပြီမို့ ဒီမနက် အိမ်ပြန်ပို့လိုက်ပြီ။ ကျန်တဲ့သူတွေကတော့ စောင့်ကြည့်ကုသနေတုန်းပါ” ဟု လောက ဟိတာဝဟ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီး အင်အား ငါးဦးတို့ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ မပို့ဆောင်မီ လူနာများသတိရစေရန် မြေပြင်ရှေးဦးသူနာပြု လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း၊ ရေပတ်ဝတ်တိုက်ခြင်းများ ဆောင်ရွက်၍ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“တိုက်ခန်းမှာနေထိုင်ရင်လည်း လေဝင်လေထွက်ကောင်းတဲ့ အခန်းမျိုးလိုမှာ နေထိုင်ကြဖို့နဲ့ အခုကာလက မီးကလည်း မမှန်၊ အပူချိန်ကလည်း သာမန်ထက်မြင့်တော့ ရောဂါအခံရှိသူတွေ ပိုဂရုစိုက်ရမယ်။ ကျွန်တော့်အသင်းကပဲ ၂၄ နာရီအတွင်းကို Heat Stroke ပုံစံဖြစ်တာကို အကူအညီပေးရတဲ့ လမ်းကြောင်းက ၅ ခုရှိနေပြီ”ဟု လောကဟိတာဝဟ အသင်းမှ တာဝန်ရှိသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်မှုကြောင့် လဲကျသေဆုံးမှုများစွာဖြစ်လာသည့်အပြင် ညအချိန်မီးပြတ်မှုကြောင့် တိုက်ခန်းတွင်းနေသူများ အသက်ရှုရပ်သေဆုံးမှုများလည်း ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဧပြီ ၁၀ ရက် ကလည်း ယုဇနတွင် တိုက်ခန်းနေထိုင်သူမိသားစုသုံးဦး မီးစက်နှိုးအိပ်ချိန် အောက်ဆီဂျင်ပြတ်၍ အသက်ရှုရပ်သေဆုံးမှုလည်း ဖြစ်ပွားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *