April 29, 2024

MT News

Written by Nyein Kyaw

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းအောက်၌သာ အရောင်းအဝယ်ပြုလုပ်ရန် ဧပြီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က အသိပေးကြေညာခဲ့သည်။

ယခုဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မူတည်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အမြင်အရ ရွှေဆိုင်များ၊ ရွှေကုန်သည်များအနေဖြင့် မီးလင်းရွှေတစ်ကျပ်သားအား ကျပ် ၂၉ သိန်းအောက် ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း သုံးသပ်ယူဆပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဖော်ပြထားသည်။

ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၅ ရက်တွင် တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ ပြန်လည်မြင့်တက်၍ တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။ မဟာသင်္ကြန်ကာလအပြီး ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်ကျဆင်းလာခဲ့ပြီး ဧပြီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ‌တစ်အောင်စလျှင် ၁,၉၈၆ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ ကျဆင်းမှုမရှိခဲ့ဘဲ ကျပ် ၂,၉၉၀,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ဧပြီ ၂၇ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ‌၁,၉၉၇ ဒေါ်လာ (ဒေါ်လာ ၂,၀၀၀ အောက်) သာ ရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၀၀၇,၀၀၀ အထိမြင့်တက်ခဲ့၍ တစ်ကျပ်သား ၂၉ သိန်းအောက်သာရောင်းချရန် YGEA က ကြေညာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ဧပြီ ၂၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၉၀,၀၀၀ ကျပ်၊ ဧပြီ ၂၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၈၅,၀၀၀ ကျပ်၊ ဧပြီ ၂၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၈၅,၀၀၀ ကျပ်၊ ဧပြီ ၂၅ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၉၀,၀၀၀ ကျပ်၊ ဧပြီ ၂၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၉၈,၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *