Photo- Iron Cross

◾️ IC ရဲ့ ၃၃ နှစ်ပြည့် နှစ်ပတ်လည်အမှတ်တရ ဆုမွန်ကောင်းပေးနေကြ

၂၈. ၄. ၂၀၂၃
Written By Thandar

ဧပြီ ၂၇ ရက်က မြန်မာပရိသတ်အားလုံးလိုလို လက်ခံအားပေးကြတဲ့ Rock အဆိုရှင်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Iron Cross ရဲ့ ၃၃ နှစ် ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး Iron Cross ကို ကြိုက်နှစ်သက်ခဲ့တဲ့ ပရိသတ်တွေကလည်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြသလို IC ကလည်း MYC မိဘမဲ့ဂေဟာက မိဘမဲ့ကလေးငယ်တွေကို ဆုတောင်းရင်း ညစာကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

အရင်နှစ်တွေကတော့ Iron Cross အနေနဲ့ နှစ်စဥ်နှစ်တိုင်းလိုလို တေးဂီတဖျော်ဖြေပွဲတွေကို မြို့ကြီး ပြကြီးတွေမှာအကြီးအကျယ်ကို ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဆိတ်ငြိမ်နေပေမဲ့လည်း ပရိသတ်တွေကတော့ ဆုမွန်ကောင်းတောင်းနေကြတာကို တွေ့မြင်ရပါတယ်။

“Happy Anniversary ပါ။ ပုံတွေရှိသေးရင် ထပ်တင်ပေးပါဦး။ ပွင့်လင်း မြင်သာမှုမရှိခဲ့တဲ့ခေတ်တုန်းက Iron Cross ကလူတွေ ဘယ်လို Rock Fashions တွေ ဝတ်ပြီး ဘယ်လိုခံယူချက် ပြင်းထန်မှုတွေနဲ့ ဘယ်လို ရော့ခ်အပေါ်မှာ ခံယူချက်တွေနဲ့တီးခတ်ခဲ့ပြီး လူငယ်ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲဆိုတာ IC ပရိသတ်က သေချာမသိခဲ့ပါဘူး အခုထိလိုပါပဲ! အဲဒါကြောင့် တချို့က မင်းတို့ IC က Rock Fashion (80’s Metal Fashion)တွေ မဝတ်ဘူး။ အဲ့ဒါကြောင့် ဘယ်သူ့လောက် မ Rockဘူး “ငါတို့ အဖွဲ့ကမှ ကန်းထရီးဘုအမြဲစီးပြီးနေတာမို့ ရော့ခ် အစစ်” တို့ ဘာတို့တွေနဲ့ ကျပ်မပြည့်တဲ့ စကားတွေပဲကြားခဲ့ရတာ ခုထိပါပဲ” ဆိုတော့ အခုပုံတွေ ကြည့်ပြီး ရေလည်ကြမ်းခဲ့ပါလားဆိုတာ အခုမှသိရတယ်။ နိုင်ငံခြား Bandတွေ ရဲ့ စတိတ်စင်နောက်က ဓာတ်ပုံတွေကို ကြည့်နေရသလိုပဲ”လို့ IC ချစ်ပရိသတ်တစ်ဦးက ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ်ကနေ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ Iron Cross အဖွဲ့လည်းဖြစ်ပါတယ်။ အခုချိန်ထိ နားထောင်ဖြစ်နေတဲ့ အကြိုက်ဆုံး သီချင်းနာမည်လေးတွေလည်း ရေးခဲ့ပေးနော်လို့လည်း ပရိသတ်ကြီးကို တောင်းဆိုထားတာပဲဖြစ်ပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာ ဂီတဖျော်ဖြေပွဲတွေ မလုပ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က ၃၂ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာတော့ IC ရဲ့တေးသီချင်းတွေအားလုံးကို တစ်နေရာထဲမှာ ခံစားနားဆင်နိုင်မယ့် Iron Cross ရဲ့ Official YouTube page နဲ့ http://www.youtube.com/c/IronCrosschannel မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“IC လို့ ကြားလိုက်တာနဲ့ အဆိုရှင် ၄ ယောက် (လေးဖြူ၊ အငဲ၊မျိုးကြီး၊ ဝိုင်ဝိုင်း) ပလေယာ ၄ ယောက် (ဆရာချစ်၊ ကိုသန့်၊ ကိုဗညား၊ ကိုခရမ်း) အဲဒီ ၈ ယောက်လုံး စုံညီမှ IRON CROSS စစ်စစ်လို့ပဲ ကျနော်တို့က သတ်မှတ်ထားတော့….။ တစ်ချိန်ကျ စင်ပေါ်မှာ ပြန်ကြည့်ခွင့်ရခဲ့ရင် ဟိုးအရင်တုန်းကလို လူစုံတက်စုံ ကြည့်ခွင့်ရပါစေလို့ ဆုတောင်းရင်း IC နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေ”လို့ IC ချစ်ပရိသတ်တစ်ဦးကပြောပါတယ်။

Happy 33rd Anniversary! ဆိုပြီးတော့လည်း ပရိသတ်တွေက ဆုမွန်ကောင်းစကားတွေဆိုခဲ့တာလည်း ရှိပါတယ်။ IC ကလည်း “၃၃ နှစ်တိုင်အောင် အားပေးနေဆဲ ပရိသတ်များအားလုံး ကျေးဇူးအများကြီးတင်ပါတယ်။ We love you all! ❤️ ” လို့ မေတ္တာတုံ့ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *