‘Take Your Child to Work Day’ အစီအစဉ်အရ ဧပြီ ၂၇ ရက်က သမ္မတဂျိုးဘိုင်ဒန်နဲ့ ကလေးငယ်များ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။

၂၈. ၄. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတာဝန် ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ၂၀၂၄ ခုနှစ်မှာ ပြုလုပ်မဲ့သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဂျိုးဘိုင်ဒန်က ဧပြီလ ၂၅ ရက်မှာ ပြောကြားအပြီး သူ့အသက်အရွယ်ကြီးမြင့်မှုက သမ္မတတာဝန်နောက်ထပ်လေးနှစ်ထမ်းဆောင်ဖို့ သင့်တော်ပါမလားဆိုတဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာပါတယ်။

ဒီအချိန်မှာပဲ ဧပြီ ၂၇ ရက်က အိမ်ဖြူတော်မှာ ကလေးငယ်တွေနဲ့ တွေ့ဆုံချိန် ဇရာထောင်းနေတဲ့ ဂျိုးဘိုင်ဒန်အဖို့ သူ့မှတ်ဉာဏ်အားနည်းမှုကို ဖော်ပြသလို ဖြစ်ခဲ့ရတဲ့ မေ့လျော့မှုကြောင့် လူအများရယ်စရာဖြစ်ခဲ့ရတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီဖြစ်စဥ်က ‘Take Your Child to Work Day’ အစီအစဉ်ရဲ့ ကလေးအုပ်စုတစ်အုပ်စုက အိမ်ဖြူတော်ကို လာရောက်လေ့လာမှာဖြစ်ပြီး သူတို့ကို သမ္မတကိုယ်တိုင်ကြိုဆိုခဲ့တာကြောင့် ဒီကလေးတွေဟာ အမေရိကန် သမ္မတတစ်ဦးရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းတာဝန်တွေကို လျှပ်တပြက်ရှုမြင်လေ့လာခွင့်ရခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုး ကလေးငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဂျိုးဘိုင်ဒန်ရဲ့ မှတ်ဉာဏ်အားနည်းမှုနဲ့ စကားပြောရာမှာအထစ်ထစ်အငေါ့ငေါ့ အနည်းငယ်ဖြစ်ခဲ့ရတာက တွေ့ဆုံပွဲကို ပိုပြီး အမှတ်တရဖြစ်စေခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က ကလေးငယ်တွေနဲ့ တွေ့ဆုံချိန် သူ့ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို ရှင်းလင်းပြောကြားရာမှာ သူက “ကျွန်တော်သမ္မတအနေနဲ့ နိုင်ငံအတော်များများခရီးသွားခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်နောက်ဆုံးသွားခဲ့တဲ့ ပြည်ပနိုင်ငံက………အဲ၊ စဉ်းစားနေတယ်၊ ဘယ်နိုင်ငံပါလိမ့်၊ ကျွန်တော်တွေ့ခဲ့တဲ့ နိုင်ငံ့အကြီးအကဲခေါင်းဆောင်တွေကတော့ ၈၉ ဦးရှိပြီခင်ဗျ၊ အဲဒီမှာ နောက်ဆုံးသွားခဲ့တဲ့နိုင်ငံက………..အဲ၊ ရုတ်တရက် စဉ်းစားရခက်နေတယ်ခင်ဗျ” ဆိုပြီး သူ နောက်ဆုံးခရီးသွားခဲ့တဲ့နိုင်ငံကို စဉ်းစားမရဖြစ်နေခဲ့ပါတယ်။

အဲဒီအချိန် နားထောင်နေတဲ့အထဲက ကလေးတစ်ယောက်က “အိုင်ယာလန်နိုင်ငံ” လို့ ခပ်သွက်သွက် ထအော်လိုက်ပါတယ်။

အဲဒီတော့မှ ဇရာထောင်းသမ္မတ ဘိုင်ဒန်လည်း ပြန်မှတ်မိသွားပြီး “ဟေး၊ မှန်တယ်၊ မင်းပြောတာမှန်တယ်ကွ၊ အိုင် ယာလန်ကို နောက်ဆုံးသွားခဲ့တာပဲ” လို့ ပြန်ပြောခဲ့ရရှာပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူနောက်ဆုံးသွားခဲ့တဲ့နိုင်ငံကို ကလေးငယ်က ဝင်ထောက်ပေးတာကြောင့် မှတ်မိခဲ့ရပေမဲ့လည်း လူမှုကွန်ရက်ပေါ်အထိ ပျံ့နှံ့လာခဲ့တဲ့ သူတို့တွေ့ဆုံပွဲဗီဒီယိုက ဒီအဖြစ်‌ကြောင့် ရှင်းလင်းပွဲမှာရှိတဲ့ လူအုပ်ရဲ့ ဇရာထောင်းသမ္မတအပေါ်  အားရပါးရရယ်မောသံကိုပါ ပွဲမတက်ရောက်သူတွေ ကြားခဲ့ရပါတော့တယ်။

Ref—Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *