၂၈. ၄. ၂၀၂၃
Written by Pan Ei

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် လူ ၇၈ ဦးကို တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်းသည် ယမန်နေ့ ဧပြီ ၂၇ ရက်က နစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးကာ လူ ၉ ဦး ပျောက်ဆုံးနေကြောင်း ယနေ့ ဧပြီလ ၂၈ ရက် မနက်အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကယ်ဆယ်ရေးသမားများသည် အမျိုးသမီးများနှင့် ကလေးငယ်အများစုပါဝင်သော ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိခဲ့ပြီး ယခုအချိန်အထိ လူ ၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ အများစုမှာ ရေပြင်တွင် နာရီပေါင်းများစွာ မျောပါသွားပြီးနောက် မေ့မျောနေခဲ့ကြကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ညိုမန် ဆဒ်ဟကာရက ပြောကြားခဲ့သည်။

နစ်မြုပ်ခဲ့သော ကူးတို့သင်္ဘော Evelyn Calista 01 သည် ခရီးသည် ၇၂ ဦးကို တင်ဆောင်ခဲ့ပြီး ခရီးသည်အများစုမှာ မိသားစုများနှင့် Eid al-Fitr အားလပ်ရက်ကို ဆင်နွှဲရန် သူတို့၏မွေးရပ်မြေများသို့ ပြန်လာသူများဖြစ်ကာ ကျန်ခြောက်ဦးမှာ သင်္ဘောအမှုထမ်းတို့ဖြစ်ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူအချို့က လေပြင်းတိုက်ခတ်စဉ် သင်္ဘောသည် သစ်လုံးကြီးကို တိုက်မိပြီးနောက် ရုတ်တရက် တိမ်းမှောက်သွားကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်ဟု ဒေသခံရဲချုပ် နော်ဟာရတ်က ပြောကြားခဲ့သည်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိသည့် ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လှေ၊ သင်္ဘောမှောက်မှုများ အဖြစ်များပြီး အဆိုးရွားဆုံးသော ဖြစ်ရပ်မှာ ၁၉၉၉ ခုနှစ်က လူပေါင်း ၃၃၂ ဦးလိုက်ပါလာသော ခရီးသည်တင်သင်္ဘော နစ်မြုပ်ခဲ့ရာ အသက်ရှင်ကျန်ရစ်သူ အယောက် (၂၀) သာ ကျန်ရှိခဲ့သည့်ဖြစ်စဥ်ဖြစ်သည်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *