April 29, 2024

MT News

Written by Hey Mar

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နတ်ရေကန်ဘုန်းကြီးကျောင်းတွင် ကလေးငယ်တစ်ဦး ဝက်ဝံအကုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု ဧပြီလ ၂၇ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့နယ်အခြေစိုက်ပရဟိတအဖွဲ့မှ သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများဖြစ်ကြသော ကိုအောင်သူ(နယ်ထိန်း၊ မြို့မရဲစခန်း)ဦးစီးသည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ ရောက်ရှိချိန်တွင် မိန်းကလေးငယ်၏ ဘယ်၊ ညာလက် အရိုးပေါ် သည့် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ခြေသလုံးပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)ရရှိထားသည်ကို တွေ့မြင်ရကြောင်း သိရသည်။

“ကျွန်တော်တို့ လားရှိုးမြို့ရဲ့ နတ်ရေကန်ဘုန်းကြီးကျောင်းက ဘုန်းဘုန်း မွေးထားတာလား။ ကယ်တင်ထားတာလား။ ဘယ်လိုလဲတော့ သေချာမသိဘူး။ ဝက်ဝံက ကလေးအစာသွားကျွေးတုန်း ကုတ်လိုက်တာလို့ ပြောတယ်။ ဒဏ်ရာတွေက ပြင်းလွန်းတော့ ကုသဖို့တော့ ငွေကြေးအတော်လိုအပ်မယ်။ သူတို့ကတော့ မိသားစုကချို့တဲ့တယ်။ တာဝန်ယူပေးမလား မပေးလားတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ ကျွန်တော်တို့က လူနာကို အချိန်မီကယ်တင်နိုင်ရေး အားထုတ်တာဆိုတော့ သက်ဆိုင်ရာက ဝက်ဝံကို ဘယ်လို ဆက်လုပ်မယ်တော့ အဖြေတစ်ခုတော့ ရှိလာမှာပေါ့”ဟု လားရှိုးအခြေစိုက် ပရဟိတ အသင်းမှတာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လားရှိုးအခြေစိုက် ပရဟိတအဖွဲ့သည် ဝက်ဝံကုတ်ခံရ၍ ဒဏ်ရာရရှိသူကလေးငယ်အား အသင်းပိုင်သူနာတင်ယာဥ်ဖြင့် သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် အရိုးကုသဆောင်သို့ ပို့ဆောင်ကူညီပေးခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *