April 29, 2024

MT News

Written by Pan Ei

ထိုင်နိုင်ငံက အမျိုးသားတစ်ဦးဟာ Hi-Lo လို့ခေါ်တဲ့အန်စာတုံးဂိမ်းမှာ လိမ်လည်လှည့်ဖျားဖို့အတွက် လက်ချောင်းထိပ်တွေမှာ သံလိုက်တွေကို နှစ် ၄၀ ကြာထည့်ထားခဲ့တဲ့ သတင်းဟာ ထိုင်းနိုင်ငံရဲ့ အွန်လိုင်းအသုံးပြုသူတွေကြားမှာ အပြောများတဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ ဆရာဝန်တစ်ဦးဟာ သူ့ရဲ့ဆေးကုသမှုဆိုင်ရာ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ ပုံမှန်မျှဝေလေ့ရှိပြီး လတ်တလောက မျှဝေခဲ့တဲ့ ပိုစ့်တစ်ခုမှာတော့ ပုံမှန်မဟုတ်တဲ့ ဆေးကုသမှုကိစ္စရပ်တစ်ခုကြောင့် အွန်လိုင်းသုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

အဆိုပါ ဆရာဝန်ဟာ မကြာသေးမီက လက်ချောင်းတွေကို အသေးစားခွဲစိတ်မှု ပြုလုပ်ထားတဲ့ပုံကိုတင်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူသူဟာ ထိုင်းအမျိုးသားတစ်ဦးဖြစ်ကာ Hi-Lo လို့ခေါ်တဲ့ အန်စာတုံးဂိမ်းကစားရာမှာ လိမ်လည်လှည့်ဖျားဖို့အတွက် သံလိုက်ပြားနှစ်ပြားကို လက်ချောင်းထိပ်တွေမှာ နှစ် ၄၀ ကြာ ထည့်သွင်းထားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ အမည်မဖော်လိုသူ ထိုင်းအမျိုးသားဟာ ဘယ်ဘက် လက်ခလယ်နဲ့ လက်သူကြွယ်တွေရဲ့ လက်ချောင်းထိပ်တွေမှာ သံလိုက်ထည့်ထားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ လေယာဉ်စီးဖို့ လိုအပ်တာကြောင့် သံလိုက်တွေကို ဖယ်ရှားတာဖြစ်ပြီး လေဆိပ်က လုံခြုံရေးကိရိယာတွေနဲ့ စစ်ဆေးတဲ့အခါမှာ တွေ့ရှိသွားမှာကို စိုးရိမ်ခဲ့တဲ့နောက် ခွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

အာရှနိုင်ငံတွေမှာ ရေပန်းစားတဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အန်စာတုံးကစားနည်းဟာ အန်စာတုံးတွေရဲ့ ပေါင်းလဒ်တန်ဖိုး များရင် အနိုင်ရနိုင်ခြေများမှာဖြစ်ပြီး အဆိုပါ အမျိုးသားဟာ လိမ်လည်မှုနည်းလမ်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမဲ့ အန်စာတုံးတစ်ခု ဒါမှမဟုတ် အံစာတုံးတွေမှာ သံလိုက်ငယ်တစ်ခုနဲ့ သံလိုက်ပြားတွေကို ပေါင်းစပ်အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ထိုင်းသတင်းအချို့က ဖော်ပြခဲ့ကြပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *