April 29, 2024

MT News

Written by Ye Kyaw

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တိုက်ခန်းများတွင် ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ပြင်ဆင်ရသည့်အတွက် ကုန်ကျစရိတ်များ တိုးမြင့်လာ၍ တိုက်ခန်းအရောင်း ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာသည်။

“အခန်းရပြီးသားသူက မပြောင်းဘူး။ အခန်းမရသေးရင် ဈေးအသစ်နဲ့ပဲ ဖြစ်မှာပဲ။ အလွှာပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းပြောင်းလဲသွားမယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

တန်ဖိုးနည်း/တန်ဖိုးသင့်အခန်းများကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ၂,၇၈၈ ဦး အထိရှိသည်။ ထို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူများ စာရင်းတွင် ပါဝင်သူများမှ မိမိတို့ဝယ်လိုသော အိမ်ရာနှင့်အခန်းအမျိုးအစားအား “DUHD Sale Housing Facebook Page Messenger” မှတစ်ဆင့် စာရင်းပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ် ဇန်ဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံပေးထားပြီးဖြစ်သည်။ အိမ်ခန်းဝယ်ယူရန် စာရင်းပေးသွင်းထားသူများသည် ယခုပြင်ဆင်သတ်မှတ်ထားသည့် နှုန်းထားဖြင့် အခန်းတန်ဖိုး ပေးသွင်းရမည်ဖြစ်သည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် ဈေးနှုန်းအရ တောင်ဒဂုံမြို့နယ်အတွင်းရှိ အောင်မြင့်မိုရ်အိမ်ရာ၏ စတုရန်းပေ ၉၀၀/၁၃၀၀ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ကျပ် ၃၂၆ သိန်းနှင့် အများဆုံး ကျပ် ၆၁၂ သိန်းအထိရှိလာမည်ဖြစ်ပြီး စတုရန်းပေ ၄၆၈ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ကျပ် ၁၂၂ သိန်းနှင့် အများဆုံး ကျပ် ၂၁၆ သိန်းအထိ ရှိလာမည်ဖြစ်သည်။

သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာ၏ စတုရန်းပေ ၃၈၄ ပေရှိ အခန်းတန်ဖိုးသည် အခန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံးကျပ် ၁၁၄ သိန်းနှင့် အများဆုံးကျပ် ၁၄၆ သိန်းအထိ ရှိလာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News