April 29, 2024

ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲကျင်းပရန် ပြင်ဆင်ထားမှုကို တွေ့ရစဥ်။ (ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

၂၈. ၄. ၂၀၂၃

Written by Nyein Kyaw

သံဃာတော် ၁၁,၁၁၁ ပါး ဆွမ်းဆန်တော် လောင်းလှူပွဲတွင် အများပြည်သူများ စုပေါင်းပါဝင်နိုင်ရန် ရွှေတိဂုံဘုရားနှင့် ပြည်သူရင်ပြင်၌ အလှူခံဌာနဖွင့်လှစ် အလှူခံလျက်ရှိသည့်အပြင် KBZ Pay ဖြင့်လည်း လှူဒါန်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“အလှူခံဌာနဖွင့်ထားတာ ‌ရွှေတိဂုံဘုရားပေါ်မှာ တစ်ခုရှိတယ်။ နောက်တစ်ခုက ပြည်သူ့ရင်ပြင်မှာ ဖွင့်ထားတယ်။ ကျွန်တော်တို့ Page မှာလည်း ကြေညာထားတာရှိတယ်။ အဲဒါက KBZ Pay နဲ့က QR Code လေးဖတ်ပြီးတော့လည်း လှူလို့ရတယ်။ တချို့ကလည်း ထောင်ဂဏန်း၊ သောင်းဂဏန်းတွေလည်း ရတယ်။ ရွှေတိဂုံဘုရားမှာတော့ ဘုရားဖွင့်ချိန်ကနေ ပိတ်ချိန်အထိပေါ့။ ပြည်သူ့ရင်ပြင်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အလှူလက်ခံပေးပါတယ်။ ကျွန်တော်တို့ကတော့ ဒါက စုပေါင်းအလှူပဲ။ အစိုးရအဖွဲ့ကတော့ ဦးဆောင်လုပ်တာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့အား ရည်မှတ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁,၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၂ ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် အာရုဏ်တက်ချိန်၌ ‌ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲကျင်းပရန် သံဃာတော်များ ကြွချီမည့်လမ်းကြောင်းနှင့် လောင်းလှူမည့် မဏ္ဍပ်များပြင်ဆင်ထားရှိမှု၊ မင်္ဂလာသြဘာရတု ဖတ်ကြားရန်နှင့် ဓမ္မပူဇာတေးသီဆို ပူဇော်ရန်နေရာ ခင်းကျင်းပြင်ဆင်နေမှု၊ အခမ်းအနားမုခ်ဦးတည် ဆောက်နေမှု၊ ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲသို ပြည်သူများ လွယ်လင့်တကူ လာရောက်လှူဒါန်းနိုင်ရေးအတွက် ပြည်သူ့ရင်ပြင်အဝင်တွင်အလှူခံဌာနဖွင့်လှစ်ထားရှိမှုတို့ကို ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *