April 29, 2024

၂၇. ၄. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့်နှစ်ကတည်းက အရောင်းအဝယ်အေးနေသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ လက်ရှိတွင်လည်း ဝယ်ရောင်းသမားများနှင့် ရင်းနှီးမြှုပ်နှံလိုသူတချို့ကသာ အရောင်းအဝယ်ပြုလုပ်နေပြီး အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ပြီးခဲ့တဲ့တစ်နှစ်အတွင်းကတော့ ဒီအတိုင်းပဲလေ။ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်အစမှာက ဒီအတိုင်းပါပဲ။ အခုက သူတို့နိုင်တဲ့ဟာလေးတွေနဲ့ သူတို့ဝယ်နေကြတာပေါ့နော်။ တချို့လည်း ရင်းနှီးမြှုပ်နှံဖို့ဝယ်တယ်။ တချို့လည်းဝယ်ရောင်းတွေ ဝယ်တယ်။ သူ့ဈေးတန်းလေးနဲ့သူတော့ ဖြစ်နေကြတာပေါ့။ အရမ်းတော့ အရောင်းအဝယ်မမြိုင်ဘူး” ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

ရန်ကုန်တိုင်းအိမ်ခြံမြေဈေးကွက်တွင် မြို့တွင်းဖွံ့ဖြိုးပြီးမြို့နယ်များ၊ ဖွံ့ဖြိုးဆဲမြို့နယ်များနှင့် မြို့ပြင်အိမ်ခြံမြေ ဈေးကွက်များအရ ဈေးနှုန်းများကွာဟမှုမြင့်မားပြီး နေထိုင်လိုသူနှင့် ရင်းနှီးမြှုပ်နှံလိုသူများအလိုက် မြို့နယ်အလိုက် အရောင်းအဝယ်ဖြစ်မှု အနည်းငယ်သာရှိကြောင်း သိရသည်။

“အိမ်ခြံမြေက သူ့ဈေးနဲ့သူကတော့ ဖြစ်နေကြတာပေါ့နော်။ သဘောတရားက အရှေ့ဒဂုံတို့ဘာတို့မှာ သိန်း ၄၀၀၊ ၅၀၀ တန်ကနေစပြီး ဒီဘက် ဗဟန်း၊ မရမ်းကုန်း စတဲ့နေရာတွေက သိန်းသောင်းနဲ့ချီတာတွေလည်း ဖြစ်နေတာပေါ့နော်။ ပြီးခဲ့တဲ့နှစ်ကထက်တော့ သိပ်ထူးထူးခြားခြားတော့ ပြောင်းလဲမှုမရှိဘူး” ဟု ဦးစိုင်းခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့ခြင်း၊ ဘဏ်များတွင် ငွေသားထုတ်ယူမှုအတွက် အခက်အခဲများ ရှိခဲ့ခြင်းတို့ကြောင့် အခြေပစ္စည်းများဖြစ်သည့် အိမ်၊ ခြံ၊ မြေနှင့် ကား စျေးကွက်များတွင် အရောင်းအဝယ်များ ယခင်ကထက် ပိုမိုဖြစ်ခဲ့ပြီး စျေးနှုန်းများလည်း မြင့်တက်လာခဲ့ခြင်းများ ရှိခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းခဲ့သဖြင့် ငွေသားမကိုင်လိုသည့်အတွက် အ‌ရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ကျပ်သိန်းထောင်ကျော်တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်အလယ်ပိုင်းတွင် အရောင်းအဝယ် ပြန်အေးသွားခဲ့ပြီး လက်ရှိတွင်လည်း ယင်းအခြေအနေအတိုင်းသာ ဆက်လက်လည်ပတ်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *