အနော်ရထာ နန်းတော်ရာ ကို တာဝန်ရှိသူများ စစ်ဆေးခဲ့စဉ် မြင်ကွင်း

၁. ၄. ၂၀၂၃
Written by Peya

ပုဂံယဉ်ကျေးမှုနယ်မြေမှ အနော်ရထာနန်းတော်နေရာကို မှန်တံတားဖြင့် ဖြတ်သန်းကြည့်ရှုနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Li Qun က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပြီးခဲ့သည့်ရက်ပိုင်းက ပုဂံဒေသကို ရောက်ရှိခဲ့ရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပုဂံယဉ်ကျေးမှုဒေသတစ်ခုလုံးအား အဆင့်မြင့် နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းကွပ်ကဲသည့် စနစ်တပ်ဆင်မှုလိုအပ်သဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အနော်ရထာနန်းတော်အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်းပြသရေးတို့အတွက် ဆက်လက်ကူညီ ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံ ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဆက်လက်ကူညီဆောင်ရွက်ပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အနော်ရထာ နန်းတော်ကို အဆင့်မြှင့်တင်မယ်ဆိုတာက Display ပေါ့။ အခုရှိနေတဲ့ အဆောက်အဦထက်ပေါ့။ အခုက ကြည့်ရတဲ့သူတွေက တံတားတွေက သံတံတားတွေလေ။ အောက်က အခင်းတွေက ပျဉ်ခင်းတွေလေ။ အဲ့ဒါကို မှန်တံတားလုပ်ပစ်မှာပေါ့။ အခုမှ ညှိနှိုင်းနေတုန်း ရှိသေးတယ်” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

အဆိုပါ စီမံကိန်း ဆောင်ရွက်ရန်အတွက် ဒီဇိုင်းကို တရုတ်ပညာရှင်များက ဆွဲမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများကို အပ်မည်လား ဆိုခြင်းကိုမူ မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

“သူတို့ဆီမှာ တာရာကိုတာ စစ်သည်တွေ ရှိတယ်လေ။ အဲဒီလို ဒီဇိုင်းမျိုး လုပ်မှာပေါ့။ လူတွေက အပေါ်ကနေ မှန်တံတားကို ဖြတ်ပြီး အောက်ကို ကြည့်လို့ရတာမျိုးပေါ့” ဟု ဦးကျော်မျိုးဝင်းက ဆက်လက် ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *