၁.၄.၂၀၂၃
Written By Thandar
YBM and YPS Family Donation Plan အနေနဲ့ ဧပြီ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း (၈၆) ရပ်ကွက် မှန်ကင်း အမှတ် (၂) ပရဟိတကျောင်းမှာရှိတဲ့ ကလေးတွေကို တစ်နေ့စာအစာအာဟာရကျွေးမွေးခြင်းကုသိုလ်အပြင် မိဘမဲ့ ကလေးတွေနဲ့အတူတူ သင်္ကြန်ပျော်ပွဲရွှင်ပွဲပါ ပြုလုပ်ပေးခဲ့ပါတယ်။
“ဒီကျောင်းကို ၂၀၁၄ မှာ စတင်တည်ထောင်ပြီးတော့ ၂၀၁၅ မှာ ကလေးတွေကို လက်ခံတာပါ။ စတင်တည်ထောင်တဲ့ ရည်ရွယ်ချက်ကတော့ ဦးဇင်းတို့ အရင်က မှန်ကင်အမှတ် ၁ ဆိုတာရှိတယ်။ ဒါက အမှတ် ၂ ပါ။ အမှတ် ၁ မှာက ၁၀ တန်းကျောင်းသားတွေကို ထားတယ်။ အဲဒီအချိန်မှာ တချို့ တက္ကသိုလ်ကျောင်းသားတွေက ညဘက်အပြင်မှာ အင်တာနက်သွားသုံးတယ်။ ဦးဇင်းက အပြင်ထွက်တာမကြိုက်ဘူး။ အဲဒီလိုဆိုတော့ အရင်က Sky Net တပ်ဆင်လိုက်တယ်။ အဲဒီမှာ ဦးဇင်းကို အကောင့်ဖွင့်ပေးတယ်။ အဲဒီအကောင့်မှာ အင်းစိန်အမှိုက်ပုံမှာ ချက်ကြိုး တန်းလန်းနဲ့ ကလေးတစ်ယောက်စွန့်ပစ်တာ တင်တာတွေ့တော့ ဦးဇင်းစိတ်ထဲမှာစွဲနေတယ်။ တစ်နေ့နေ့တချိန်ချိန်မှာ စွန့်ပစ်ကလေးတွေ၊ မိဘမဲ့ကလေးတွေကို ပြုစုမယ်ဆိုတာ စိတ်ထဲ စွဲနေတယ်။ အဲဒါနဲ့ ၂၀၁၄ မှာ စတင်ပြီးတော့ လုပ်တယ်။ သာကေတ အမှတ် (၁) မှာက စာသင်တဲ့အရွယ်တွေကိုပဲ မွေးတယ်။ ချက်ကြိုးတန်းလန်းနဲ့က တစ်ယောက်စ၊ နှစ်ယောက်စပဲရှိတယ်။ ဒီမှာက ရောက်ကတည်းက မွေးကင်းစကလေးကို ပြုစုပျိုးထောင်ပေးတယ်”လို့ ဆရာတော် ဥူးကဝိနန္ဒက မိန့်တော်မူပါတယ်။
အဆိုပါ မှန်ကင်းကျောင်းတိုက်က မိဘမဲ့ကလေးတွေကို မွေးကင်းစကလေးကနေ အသက် ၇ နှစ်အထိ ကလေး ၁၀၇ ဦးကို စောင့်ရှောက်ထားပြီး ကလေး၊ လူကြီး မိဘမဲ့ ကလေး ၁၅၀ ရှိတယ်လို့ သိရပါတယ်။ ဒီကလေးတွေအားလုံးကို YBM and YPS Family က တစ်နေ့တာ အစာအရဟာရကျွေးမွေးတာ၊ ကလေးတွေနဲ့တူတူ သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေအတွက် ရေကစားစရာ ရေပြွတ်သေနတ်ပေးတာ မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်းတွေ ကျွေးပြီး ပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး ကျင်းပခဲ့ကြပါတယ်။
“ကျွန်တော့်တို့ သင်္ကြန်အချိန်ခါမှာ ASTI ကုမ္ပဏီက (YBM) အလှူတစ်ခုလုပ်မယ်ဆိုတော့ လိုင်းပေါ်မှာရော အပြင်မှာလည်း အလှူမခံတဲ့နေရာဖြစ်တဲ့ မှန်ကင်းကျောင်းကို ရွေးဖြစ်တာပါ။ နောက်ပြီး ဒီကလေးတွေကိုလည်း ပျော်ရွှင်စေချင်တယ်။ နောက်ပြီး ကျွန်တော်တို့ Company က Public Transportation မှာ ရန်ကုန်မြို့ထဲမှာ နေ့စဉ်ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့နေအောင် ထောက်ပံပေးနေတဲ့ Yangon Payment Service YPS နဲ့ ခရီးသွားပြည်သူများ စိတ်အပန်းဖြေစေဖို့ နေ့စဉ်ဖျော်ဖြေတင်ဆက်ပေးနေတဲ့ (YBM) ကနေပြီးတော့ ပြုလုပ်တဲ့အလှူဆိုတော့ ခရီးသွားပြည်သူတွေရဲ့ ငွေကို အတူတူလှူဒါန်းတဲ့အလှူလေးပါ”လို့ ASTI ကုမ္ပဏီက ကိုထွန်းနေလင်းက MT News ကိုပြောပါတယ်။








