၂၆. ၃. ၂၀၂၃
Written by Tha Doe၊ Hey Mar

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကျရောက်ပြီးနောက်ပိုင်း နောက်ဆက်တွဲအခြေအနေတွေအဖြစ် ရောဂါရဲ့ဆိုးကျိုးကို ခံစားနေရတာတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်အသိုင်းအဝိုင်းက သတိပေးထားပါတယ်။ အဲဒီဆိုးကျိုးကြောင့်ပဲ အခုလိုရာသီဥတု ပူပြင်းလာတဲ့အခါမျိုးမှာ နှလုံးရောဂါအခံရှိသူတွေ၊ သွေးတိုးသမားတွေ၊ လေဖြတ် လေငန်းဝေဒနာသည်တွေ၊ အားကစားသမားတွေ ရုတ်တရက်သေဆုံးကြတဲ့ဖြစ်ရပ်မျိုးတွေ ရှိလာနေပါတယ်။

“မတ်လထဲမှာ ကျွန်တော်တို့ အသင်းအဖွဲ့တွေအနေနဲ့ လမ်းဘေး ရုတ်တရက်သေဆုံးတဲ့ Dead Body တွေ လိုက်ကောက်ပေးရတာ၊ သက်ကြီးဝေဒနာသည်တွေ ရုတ်တရက်သေဆုံးလို့ အကူအညီပေးရတာ ဒါတွေ ကြုံလာရတယ်။ ဆေးရုံတွေက လက်ခံပေးတဲ့အခါမှာလည်း ကိုဗစ်နောက်ဆက်တွဲ ခန္ဓာကိုယ်ကို တိုက်ခိုက်ခံရတာနဲ့ အပူဒဏ်အန္တရာယ်လို့ မှတ်ချက်စကားတွေကြားရတယ်။ ကိုဗစ်မဖြစ်ဖူးတဲ့သူထက်ကို ဖြစ်တဲ့သူကခံနိုင်ရည်ကွာသွားတဲ့သဘောပဲ။ ဒီလထဲမှာ ဖြစ်တဲ့ဖြစ်ရပ်ဆိုရင် ကားထဲမှာ ရုတ်တရက်သေဆုံးနေတာ၊ လမ်းပေါ်မှာ ထိုင်လျှက်သေဆုံးနေတာ၊ အိမ်ခြေမဲ့တစ်ဦး လမ်းဘေးမှာ အိပ်ရင်းသေတာ။ နောက်တစ်ခုက ကျန်းမာရေးလိုက်စားတဲ့သူ၊ အားကစားလုပ်နေရင်း ရုတ်တရက်လဲကျသေဆုံးတာ အဲဒီဖြစ်စဉ်တွေက မှတ်မှတ်ရရပဲ”လို့ ရန်ကုန်လူမှုကူညီရေးအသင်း (YRO) က ဒုတိယ ဥက္ကဋ္ဌ ဦးမိုးငြိမ်းက ပြောပါတယ်။

မတ်လရဲ့ နွေအပူချိန်ကိုအံတုရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ကာယလုပ်သားတွေအတွက်ကတော့ နေ့တစ်နေ့ရဲ့ အပူချိန်ကို သူတို့သတိမမူနိုင်ပါဘူး။ တတ်သိနားလည်တဲ့ ကျန်းမာရေးပညာရှင်တွေ၊ မိုးလေဝသ ခန့်မှန်းသူတွေရဲ့  သတိပေးပြောပြတာတွေကလည်း သူတို့နားထဲ ပေါက်တစ်ချက် မပေါက်တစ်ချက်လောက်သာ ရောက်တဲ့အနေအထားပါ ။

ပိုဆိုးတာကတော့ နာမကျန်းဖြစ်တဲ့အခါ ဆေးဝါးကုသဖို့ မတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေများပြားလာနေတာပါ။ CDM ဆရာဝန်တွေကြောင့် အခမဲ့နီးပါးကုလို့ရတဲ့ ပြည်သူ့ဆေးရုံကြီးတွေ အင်ပြည့်အားပြည့်မလည်ပတ်နိုင်တာကြောင့်လည်း အခြေခံလူတန်းစားတွေဟာ မကျန်းမာရင်တောင် ဆေးဝါးကုသဖို့ခက်လာပါတယ်။

ရပ်ကွက်ထဲ ဖွင့်လှစ်တဲ့ GP ဆေးခန်းတွေအနေနဲ့ကလည်း လူနာတစ်ဦးကို အနိမ့်ဆုံး ၃၀၀၀ မှ အခကြေးငွေမယူရင်ရပ်တည်ရ မလွယ်ကူနိုင်တဲ့ အ‌ခြအနေပါ။ အလုပ်အကိုင်တွေ ရှားပါးနေပြီး စားဖို့သာရှာနိုင်တဲ့ လက်လုပ်လက်စားသမားတွေအဖို့ ကျန်းမာရေးစရိတ်သာ ဝန်ထုတ်ဝန်ပိုးတစ်ခုအနေနဲ့ ဖြစ်နေဆဲပဲလို့ ဒေါက်တာချစ်ဆန်းမောင်က သူဆေးခန်းဖွင့်လှစ်ထားတဲ့ ရပ်ကွက်မှာ ကြုံတွေ့နေရတဲ့ အ‌ခြအနေတွေကို အခုလိုပြောပြပါတယ်။

“နာမကျန်းဖြစ်ရင် ဆေးဝါးမကုနိုင်တဲ့ လူတန်းစားတစ်ရပ် ရှိတယ်။ ရပ်ကွက်ထဲဖွင့်တဲ့ ဆေးခန်းတွေဆိုရင်လည်း ၃၀၀၀ ကျပ် အနည်းဆုံးရှိတယ်။ ၅၀၀၀ ကျပ် ပဲရတဲ့သူဆိုရင် နေမကောင်းဖြစ်ရင် ဆေးခန်းသွားလို့မရတော့ဘူး။ စပ်ဆေး သောက်ရင်သောက် မဟုတ်ရင် ဘာဆေးမှမသောက်ပဲ နေလိုက်တယ်။ ကိုယ်ခံအားတက်လာရင်ပြန်ကောင်းသွားတာလည်း ရှိတယ်။ ပြန်မကောင်းတဲ့သူတွေက ရောဂါအခံရှိတဲ့သူတွေ။ ဆီးချို၊ သွေးတိုး နှလုံးရောဂါတွေရှိတဲ့သူတွေအဖို့တော့ အခုလိုရာသီဥတုပူပြင်းလာတဲ့အခါ အပူဒဏ်အန္တရာယ်တွေပေါ့။ ကိုဗစ်ဖြစ်ဖူးတဲ့သူတွေဆို အဆုတ်မှာ အမာရွတ်ကျန်နေတာတွေရှိတယ်။ နဂိုကမှ ဆေးခန်းသွားဖို့လည်း မတတ်နိုင် ရောဂါဖြစ်တဲ့အခါ ပြန်တွန်းလှန်နိုင်တဲ့ လုံလောက်တဲ့ အဟာရကလည်း မရှိ။ အဲဒီတော့ ကိုယ်ခံအားက မကောင်းတော့ဘူး။ အဲဒီလိုနဲ့ လုံးလည်လိုက်နေတာပေါ့။ ရောဂါဖြစ်တော့ စားဖို့တောင်မှ အလုပ်ကထပ်ပြီး မလုပ်နိုင်တော့ပြန်ဘူး။ ဒီလိုအ‌ခြေအနေတွေ အများကြီးတွေ့လာရပါတယ်။ ပတ်ဝန်းကျင်မရှိတဲ့ အိမ်‌ခြေမဲ့တွေ ဆွေမျိုးသားချင်းမရှိသူတွေ သေဆုံးကြတာ၊ ပရဟိတ အသင်းတွေ အလောင်းလိုက်ကောက်ရတာ ဒါမျိုးလည်း ဖြစ်နေတာ မှန်ပါတယ်။ အလုပ်အကိုင်တွေရှားပါးချိန် ၊ ကုန်ဈေးနှုန်းတွေတက်လာချိန်မှာ လူတွေက စားဖို့နဲ့ နေဖို့ကို အဓိက ရုန်းကန်နေရတော့ ကျန်းမာရေးမှာ ချို့တဲ့နေပေမယ့် ပေတေ နေကြတာပေါ့။ ဒါတွေက ဆက်စပ်နေတာပဲ”လို့ ဒေါက်တာချစ်ဆန်းမောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နွေရာသီမှာ အပူချိန်အပြင်းဆုံးလတွေက မတ်လ၊ ဧပြီလနဲ့ မေလတွေပါ။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လေ့ရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကဆိုပါတယ်။

လက်ရှိအချိန်မှာဆိုရင် နေ့အပူချိန်တွေကလည်း ပျမ်းမျှအပူချိန်ထက် မြင့်တက်လာနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုင်းထွာချက်တွေအရ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နေပါတယ်။ ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာလည်း မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ မြင့်တက်လာနေပါတယ်။

ဒါ့အပြင်လည်း  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့သလို ထူးခြားတဲ့အပူချိန်တွေအဖြစ် ချောက်မြို့၊ တောင်တွင်းကြီးမြို့၊ ပြည်မြို့၊ လေးထပ်ပြင်(ပြည်မြို့နယ်)၊ ဘော်လခဲမြို့နဲ့ ဖားဆောင်းမြို့တို့မှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာပါတယ်။ ဒီလို အပူချိန်တွေက သိသိသာသာတိုးပူနေတာတော့မဟုတ်ပေမဲ့ လူတွေကိုက ခံနိုင်ရည်မဲ့လာတဲ့အခြေအနေဖြစ်နေတဲ့ပုံစံဖြစ်လာတာလို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူက မှတ်ချက်ပြုပါတယ်။

“မတ်၊ ဧပြီ၊ မေ ဒီသုံးလက နွေရာသီရဲ့ အပူဆုံးအချိန်တွေဖြစ်တယ်။ နေကလည်း မြောက်ဘက်ကနေပြီး တောင်ဘက်ကို တဖြည်းဖြည်းနဲ့ဆင်းတဲ့အချိန်မှာ ခေါင်းပေါ်တည့်တည့်ကနေကျော်ကာစ နေရောင်ခြည်တိုက်ရိုက်ထိချိန်ဆို ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေက များနေတဲ့အချိန် အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေတာတွေရှိတယ်။ ဘာပဲပြောပြော နေရောင်ခြည်ထဲထွက်မယ်ဆိုရင် UV Cover ဦးထုပ်လိုမျိုးဆောင်းတာ၊ ထီးဆောင်းတာ တစ်ခုခုပေါ့။ဖြစ်နိုင်ရင် ၁၁ ခွဲလောက်ကစပြီး ညနေ ၃ နာရီ ၄ နာရီအထိလောက်ကို အရိပ်အောက်မှာ တတ်နိုင်ရင်နေသင့်ပါတယ်။  တချို့မတတ်နိုင်သူ ဝမ်းစာရှာရတဲ့သူတွေကြတော့လည်း လုပ်ရတယ်ပေါ့။ နောက်ပြီး အရက်သောက်တတ်တဲ့သူ မနက်ပိုင်းသောက်တတ်တဲ့သူတွေရှိတယ်။ သောက်ပြီးသွားရင် အိမ်ထဲမှာနေတာအကောင်းဆုံးပဲ။ ဒီ ၃ လက ကျိန်းသေပေါက် အပူချိန်ပြင်းမယ်။ ၄၀ ဒီဂရီနားလောက် တက်နိုင်တယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းကလည်း အမြင့်ဆုံး ၉၊ ၁၀ လောက်အထိရောက်မယ်။ နွေရာသီ အန္တရာယ်က အဲ့ဒါရှိတတ်တယ်။ ကျန်တာကတော့ ကိုယ့်ကျန်းမာရေးနဲ့ ဆိုင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့နွေရာသီကတော့ ဒီအတိုင်းဖြစ်နေကြပဲ။ အပူလှိုင်းဖြတ်တာတွေဘာတွေ ဒီနှစ်ထဲမှာမရှိဘူး” လို့ ဦးဝင်းနိုင်က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် အပူရှိန်မြင့်တက်လာမှုကြောင့် Heat Stroke ဖြစ်သူတွေလည်း နေ့စဥ်လာရောက်ကုသမှူခံယူနေတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။ အပူရှပ်ခြင်း(Heat Stroke) ဟာ အဆင့်သုံးဆင့်ရှိပြီး ပထမအဆင့် Heat Exhaustion မှာ အပူဒဏ်ကြောင့်နွမ်းနယ်တာ။ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ချွေးအလွန်ထွက်တာ၊ ရေခဏခဏငတ်တာတွေဖြစ်တတ်ပါတယ်။ ဒုတိယအဆင့် Heat Cramps မှာ ပထမအဆင့်ဖြစ်စဥ်တွေအပြင် ကြွက်တက်တာတွေဖြစ်လာပြီး နောက်ဆုံးအဆင့် Heat Stroke မှာတော့ ခေါင်းအလွန်အမင်းကိုက်တာ၊ မူးဝေအော့အန်တာ၊ စိတ်မငြိမ်တာ၊ သတိလစ်တာတွေနဲ့ အပူချိန်အမြင့်ဆုံးထိုးတက်သွားပြီး ကိုယ်တွင်းကလီစာတွေထိခိုက်သေဆုံးတာမျိုးအထိ ဖြစ်လာတတ်ပါတယ်။

“ဒီရက်ပိုင်းထဲမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ပြီး ဆေးခန်းလာပြတဲ့သူတွေ နေ့တိုင်းသုံးလေးယောက်ရှိလာတယ်။ Heat Exhaustion ပထမအဆင့်တွေ များတာပေါ့။ သူတို့ကတော့ အိပ်ရေးပျက်လို့တို့၊ အားနည်းလို့တို့၊ အစားမှားလို့တို့ ထင်ကြပေမဲ့ တကယ်တမ်းကြတော့ အပူဒဏ်ကြောင့် ဖြစ်နေတာပေါ့။ ဒီတော့ အပူမရှပ်အောင် သတိထားနေဖို့ အကြံပြုပါတယ်။ အပူထဲသွားမယ်ဆို ထီး၊ ဦးထုပ်ဆောင်းပါ။ ရေနဲ့ဓာတ်ဆား အရည်များများသောက်ပါ။ အရိပ်ရအေးတဲ့နေရာတွေမှာနေပါ။ ကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန်လုပ်တာရှောင်ပါ။ ပွတဲ့အေးတဲ့အဝတ်အစားဝတ်ပါ။ အလွန်ပူတဲ့နေရာကလာပြီး အေးတဲ့နေရာရုတ်တရက်မဝင်ပါနဲ့။ နေပူထဲကပြန်ရောက်ရောက်ခြင်း ရေချိုးတာ၊ ခြေထောက်ရေဆေးတာ၊ အေးတဲ့ရေတွေတန်းသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အပူရှပ်တဲ့ လက္ခဏာ (Heat Stroke) ဖြစ်လာပြီဆိုရင် ဆေးရုံဆေးခန်း ချက်ခြင်းသွားပါလို့ အကြံပြုချင်ပါတယ်” လို့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက အကြံပြုပါတယ်။

ဒါပေမဲ့လည်း နေပူထဲမှာ အလုပ်လုပ်ရတာကို ရှောင်လို့ မရတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ၊ ခေါင်းရွက်ဗျတ်ထိုးလုပ်သားတွေ၊ ဆိုက်ကားသမားတွေလို ကာယအားကိုးလုပ်ရသူတွေ ဆန်အိတ်ထမ်းရသူတွေ၊ စည်ပင်လုပ်သားတွေ စတဲ့ ကာယလုပ်သားတွေအဖို့တော့ ဓာတ်ဆားရည် မဆောင်နိုင်ရင်တောင် ရေဘူးဆောင်ထားဖို့နဲ့ ချွေးသုတ်တဘက်ဆောင်တာမျိုး၊ ခေါင်းပေါ်မှာ တစ်ခုခုဆောင်းထားတာမျိုးနဲ့ အပူရှပ်ခြင်းဒဏ်ကာကွယ်နိုင်တယ်လို့လည်း ဒေါက်တာချစ်ဆန်းမောင်က ​အကြံပြုပါတယ်။

“နေပူထဲ အလုပ်လုပ်ရတဲ့သူတွေ စားဖို့သောက်ဖို့ တစ်နေ့လုပ် တစ်နေ့စားသမားတွေက နေမကောင်းမဖြစ်ဖို့လိုတယ်။ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားရင် ဒါကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လို့ရတာပေါ့။ နံပါတ် တစ်ကတော့  အာဟာရပြည့်အောင်စားရမယ်။ အချိန်မှန်အောင်စားရမယ်။ တချို့ရှိတယ်။ မနက်စာ မစားဘူး။ နေ့လည်စာနဲ့မှ ပေါင်းစားတာတို့။ မနက်အစောက စားထားလို့ ညနေစာကျမှ နေ့လည်စာကို ပေါင်းစားလိုက်တာတို့ပေါ့။ ဒါတွေမလုပ်ရဘူး မနက်စာသေချာမစားဖြစ်ရင်တောင် ငှက်ပျောသီးတစ်လုံးလောက် ဗိုက်ထဲထည့်ထားလိုက်ရင် ခန္ဓာကိုယ်အတွက် ကောင်းတယ်။ နေ့လည်စာလည်း ဒီလိုပဲ ပေါ့။ အလုပ်လုပ်ရမယ်ဆိုရင် ပိုအားရှိဖို့လိုအပ်တာပေါ့။ နောက်တစ်ခုက အလုပ်အမျိုးအစား။ ကုန်ထမ်းရတယ်ဆိုရင်လည်း နေပူထဲလား။ နေရိပ်ထဲလား။ ဒါတွေရှိသေးတယ်။ နေပူထဲမှာ ထမ်းရတဲ့သူဆိုရင် ခေါင်းကို ဂရုစိုက်ရမယ်။ အဆောင်းတစ်ခုခုနဲ့သွားလာသင့်တယ်။ နောက်ပြီးကျောပြင်ပေါ့။ ချွေးထွက်လာရင်သုတ်ရမယ့် တဘက်တစ်ထည်လောက်တော့ ဆောင်ထားသင့်တယ်။ နောက်ပြီး ရေများများသောက်ပေးရမယ်။ ဓာတ်ဆားမဖြစ်မနေသောက်ရမယ် မဆိုလိုဘူး။ သောက်ရင်တော့ကောင်းတယ်။ မသောက်နိုင်လည်း ရေများများသောက်ပေးပါ။ နောက်ပြီးအလေးအပင်တွေ ထမ်းပိုးတဲ့အခါမှာလည်း အခုအခံလေးနဲ့ ထမ်းဖို့လိုတယ်။ ပြီးရင် အကြောပြန်လျှော့တဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးရင် အကြောတွေတင်းနေတာတွေ သက်သာမယ်။ ကျီးပေါင်းဖြစ်မှာကိုလည်း ကာကွယ်ရာရောက်တယ်”လို့ ဒေါက်တာချစ်ဆန်းမောင်က ပြောပါတယ်။

ဒါပေမယ့်လည်း အခြေခံလူတန်းစားတွေမှာတော့ နေလုံးက ခေါင်းပေါ်ရောက်ချိန် ချွေးသံတရွှဲရွှဲ ဖြစ်နေပေမယ့် လက်ထဲမှာ ငွေ ၅၀၀၀ မပြည့်သေးလို့  အရိပ်ထဲကို မဝင်ရဲတဲ့ ဘဝတွေကြား ကပ်ရောဂါ ၊ ပြည်တွင်းရေးနဲ့  ကုန်ဈေးနှုန်းအပါအဝင် နွေအပူကိုပါ ထပ်မံဖိစီးခံ ထမ်းပိုးနေကြရလည်း မမှုနိုင်တော့ဘဲ နေသားကျနေသလိုပါ။ နေသားမကျလို့လည်း မရပါဘူး။ အရင်လို ပိုက်ဆံ ၅၀၀၊ ၁၀၀၀ ပါရုံနဲ့ သွားပြီးတက်လို့ရတဲ့ ပြည်သူ့ဆေးရုံတွေမှ အကုန် မဖွင့်နိုင်တော့တာ…..။

Leave a Reply

Your email address will not be published. Required fields are marked *