ချောင်းရေထဲမျောပါသွားသည့် မိသားစုလေးဦး၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းများအား တွေ့ရစဥ် (ဓာတ်ပုံ- ဟိန်းသုခ လူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်း)

၁၀. ၁၀. ၂၀၂၂

Written by Tha Doe

အောက်တိုဘာ ၇ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့ ဆင်ပေါက်လှ (၈) လမ်းမှ ချောင်းရေထဲမျောပါသွားသည့် မိသားစုလေးဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့ပြီး ကွယ်လွန်သူလေးဦးစလုံးအား သင်္ဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဟိန်းသုခ လူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်းမှ စုံစမ်းသိရသည်။

စက်တင်ဘာ ၈ ရက်နေ့တွင် အသက် ၁၄ နှစ်အရွယ် သမီးငယ် မပိစိနှင့် အသက် ၇ နှစ်အရွယ်သားငယ် မောင်မင်းသက်ပိုင်တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၉ ရက်တွင် မိခင်ဖြစ်သူ ဒေါ်မာလာဝင်း (၄၅ နှစ်) ၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီခွဲတွင်မှ ဖခင်ဖြစ်သူ ဦးမောင်ညို ( ၅၁ နှစ်) ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

”ကလေးနှစ်ယောက်မြေချပြီးချိန်မှာ မိခင်ရဲ့ ရုပ်အလောင်းတွေ့ပါတယ်။ အောက်တိုဘာ ၁၀ ရက် မနက်အစောပိုင်း ၆နာရီခွဲမှာ ချောင်းတွင်းမျောပါ အသက်ဆုံးရှုံးသွားတဲ့ ကလေးငယ် ၂ ဦးရဲ့ ဖခင်ကို ဆင်ပေါက်လှ စကားဝါလမ်းရဲ့ နေအိမ်တစ်အိမ်ထဲမှာ အမှိုက်ဖုံးလျှက်တွေ့ရှိပြီး နံနက် ၉နာရီမှာ ပခုက္ကူ သုံးမိုင်ကုန်သုဿာန်မှာ သဂြိုလ်ပြီးစီးခဲ့ပါပြီ။ အခုဆို မိသားစု လေးဦးစလုံး ပြန်တွေ့လို့ လေးဦးစလုံးသဂြိုလ်ပြီးပါပြီ။ ဝဋ်ကြွေးရှိရင် ဒီဘဝဒီမျှနဲ့သာ ကျေပါစေ”ဟိန်းသုခ လူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်းမှ ကိုဟိန်းထက်အောင်က ဆိုသည်။

ပခုက္ကူတွင် အောက်တိုဘာ ၇ ရက်ညက မိုးရွာသွန်းမှုမှာ မိုးရေချိန် ၄ ဒသမ ၂၂ လက်မအထိ ရှိခဲ့ပြီး ယခင်ရက်များက ရွာသွန်းခဲ့သည့်အရှိန်ကြောင့် ချောင်းရေများကျဆင်းရာမှ သုံးအိမ်မျောပါပြီး အိမ်ခြေ ၄၀ ခန့် ပျက်စီးသွားသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အကူအညီများလိုအပ်နေကာ လက်ရှိတွင် ခိုကိုးရာမဲ့နေသည့် မိသားစု ၁၁ စုမှာ အနာကြီးရောဂါသည်များ ထားရှိရာ ဓမ္မာရုံတွင် ခေတ္တခိုနားနေရပြီး အဝတ်အစား၊ သွပ်ပြား၊ ဘိလပ်မြေ၊ ထရံ၊ ဝါးကတ်၊ ဝါးလုံး၊ အစားအစာ၊ စသည့်နေအိမ်အသုံးအဆောင်များကိုလည်း ဟိန်းသုခလူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်း 09-440658451 သို့ ဆက်သွယ်လှုဒါန်းနိုင်ပြီး ကိုယ်တိုင်သွားရောက်လှုဒါန်းလိုပါကလည်း လိုက်လံပို့ဆောင်ပေးမည်ဟု သိရသည်။

ပခုက္ကူမြို့တွင် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်ကလည်း ရွှေချောင်းချောင်းရေလျှံမှုကြောင့် ရွှေချောင်းတံတားကျိုးကျကာ ရွှေချောင်းတစ်လျှောက်နေထိုင်ကြသည့် ပြည်သူရာဂဏန်းခန့် ဆုံးပါးခဲ့ဖူးပြီး အိမ်ခြေ ၂၀၀ ခန့် မျောပါသည့်အပြင် ဘုန်းကြီးကျောင်းနှင့် စေတီများလည်း မျောပါခဲ့ဖူးသည်။ အဆိုပါ ဖြစ်စဥ်အပြီးတွင် အိမ်ခြေ ၄၀ ခန့် မျောပါပြီး ကလေးငယ်နှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေဆဲ ယခု အောက်တိုဘာ ၇ ရက်ဖြစ်စဥ်မှာ အဆိုးဆုံးဖြစ်ကြောင်းလ​ည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *