၂၃. ၃. ၂၀၂၃
Written by Pan Ei

ချီလီထိပ်တန်းဘောလုံးလိဂ်မှာ ကိုလိုကိုလိုအသင်းနဲ့ ကော်ဘရီဆာ အသင်းယှဉ်ပြိုင်ကစားချိန် ကော်ဘရီဆာ အသင်းက အာဂျင်တီးနားဂိုးသမား လီယန်ဒရို ရီကွီနာ ကန်လိုက်တဲ့ ဘောလုံးဟာ ပြိုင်ဖက်အသင်းရဲ့ ဂိုးပေါက်အတွင်းကို ဝင်သွားခဲ့ပြီး သမိုင်းတစ်‌လျှောက် အဝေးဆုံးသွင်းဂိုး ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးရယူမှုဟာ ပွဲချိန် ၇၇ မိနစ်မှာ ကော်ဘရီဆာအသင်းက ကိုလိုကိုလိုအသင်းကို ၂ ဂိုးအသာနဲ့ ဦးဆောင်နေချိန်ဖြစ်ပြီး လီယန်ဒရို ရီကွီနာရဲ့ အားပြင်းတဲ့ ကန်ချက်ကြောင့် ဘောလုံးဟာ ကစားသမားအယောက် ၂၀ ရဲ့ ခေါင်းပေါ်က ဖြတ်ကျော်သွားခဲ့ပြီး ပင်နယ်တီ ဧရိယာအပြင်ဘက် ၁၀ ကိုက်ခန့်အကွာမှာ ရပ်နေခဲ့တဲ့ တစ်ဖက်အသင်းရဲ့ ဂိုးသမား ဘရာယန်ရဲ့ ခေါင်းပေါ်ကနေ ကျော်တက်ပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အပြီးမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ ကော်ဘရီဆာအသင်းက အနိုင်ရရှိခဲ့ပါတယ်။

TNT Sports Chile ရဲ့ ဖော်ပြချက်အရ ဒီဂိုးဟာ ၁၀၁ မီတာ အကွာအဝေးကနေ သွင်းယူခဲ့တာဖြစ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းက အတည်ပြုလိုက်မယ်ဆို ဘောလုံးသမိုင်းတစ်လျှောက် အကွာအဝေး အရှည်ဆုံးကနေသွင်းယူတဲ့ ဂိုးစံချိန်ကို ချိုးဖျက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အကွာအဝေးအရှည်ဆုံးဂိုးသွင်းယူမှု စံချိန်ဟာ ၉၆ ဒသမ ၀၁ မီတာဖြစ်ပြီး အင်္ဂလန် လိဂ်(၂) က နယူးပေါ့ကောင်တီ နဲ့ ချယ်လ်တမ်ဟမ် ပွဲစဉ်မှာ နယူးပေါ့ကောင်တီဂိုးသမားတွမ်ကင်းသွင်းယူတဲ့ဂိုးနဲ့ ၂၀၂၁ ခုနှစ်တုန်းက စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *