၂၃. ၃. ၂၀၂၃
Written by Ye Kyaw

စာရင်းဇယားများအရသာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်သော်လည်း အမှန်တကယ်ဝင်ရောက်ထားသည့်ပမာဏမှာ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ပြောကြားသည်။

“တရုတ်နိုင်ငံဟာ ကျွန်တော်တိုရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဒုတိယမြောက်အကြီးဆုံးလို့ စာရင်းဇယားများအရ ပေါ်ပါတယ်။ ဒါပေမဲ့ ဒါကတိုက်ရိုက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ စုစုပေါင်း တရုတ်နိုင်ငံရဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၅၈၃ ခု ရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ကနေ ခွင့်ပြုထားတဲ့ဟာပေါ့” ဟု DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က မတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် တရုတ်(ချုံချင့်ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် ပြောသည်။

သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဟောင်ကောင်၊ စင်ကာပူ စသည့်နိုင်ငံများမှတဆင့်ခံ ဝင်ရောက်ထားသည့် လုပ်ငန်းများလည်းရှိနေပြီး အဆိုပါ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမဟုတ်သော တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုပါ ထည့်သွင်းမည်ဆိုပါက မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် နံပါတ်တစ်အများဆုံးဖြစ်ကြောင်း DICA ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက အဆိုပါအခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့သည်။

“တကယ်တော့ တရုတ်နိုင်ငံက နံပါတ်တစ်ပါပဲ။ ကျွန်တော်တို့ဆီမှာ။ တရုတ်နိုင်ငံကနေပြီးတော့မှ ဟောင်ကောင်ဘက်က ပတ်လာတာရှိတယ်။ တရုတ်မိခင်ကုမ္ပဏီတွေက စင်ကာပူက ပတ်လာတာတွေရှိပါတယ်။ ဒါတွေကို ပေါင်းစပ်လိုက်ရင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့နိုင်ငံမှာ နံပါတ်တစ်ပါပဲ” ဟု DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။

လက်ရှိတွင် စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၈၃ ခုက လာရောက်ရင်းနှီးမြှုပ်နှံ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံအတွင်း ဒုတိယအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အများဆုံးဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ ၅၈၃ ခုမှာမှ စက်မှုလုပ်ငန်းမှာလုပ်နေတာ ၅၂၄ ခုတောင်ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်က စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၀ ကျော်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၃၇၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်ရှိသည်။ ယင်းအနက် စင်ကာပူနိုင်ငံသည် ဒေါ်လာ ၂၅ ဒသမ ၈ ဘီလျံကျော်ဖြင့် ပထမအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသည် ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံဖြင့် ဒုတိယအများဆုံးနှင့် ဟောင်ကောင်သည် ဒေါ်လာ ၁၀ ဘီလျံကျော်ဖြင့် စတုတ္ထအများဆုံးဖြစ်ကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News