သက်တံ့
၁၉-၁၀-၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် စနေနေ့ (အောက်တိုဘာ ၁၇) က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း မိုးရုတ်တရက် ရွာသွန်းခဲ့ပြီးနောက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များနှင့် အိန္ဒိယမီဒီယာများက ပြောကြားခဲ့သည်။
ကိုးကက္တားမြို့တွင် ကျင်းပသည့် ဟိန္ဒူတို့၏ “ဒူဂါပူဂျာ” ပွဲတော် မဏ္ဍပ်အပြင်ဘက်၌ ဖြစ်ပွားခဲ့သော လူအုပ်ပြိုမှုကြောင့် သေဆုံးသူများထဲတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပါဝင်ပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် ဆူဘန်းဒူး အာဒီကာရီ (Suvendhu Adhikari) က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ခုထိတော့ အလောင်း ၆ လောင်းကို မည်သူမည်ဝါဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပါပြီ” ဟု အာဒီကာရီက ဆိုသည်။
ကိုးကက္တားမြို့၏ ဂီရစ်ရှ်ပါ့ခ် (Girish Park) ဧရိယာရှိ ထွက်ပေါက်တံခါးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သာသနိကအဆောက်အအုံအတွင်းမှ ဘုရားဖူးအများအပြား ပြန်လည်ထွက်ခွာရန် ကြိုးပမ်းကြစဉ် လူအုပ်အလွန်အမင်း တိုးဝှေ့ရာမှ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာရှိ အထက်တန်းရဲအရာရှိတစ်ဦးက AFP သို့ ပြောကြားရာတွင် ညပိုင်း၌ မိုးစတင်ရွာသွန်းချိန်တွင် ကြေညာချက်တစ်ခုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး မဏ္ဍပ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် လူအုပ်မှာ အချင်းချင်း တွန်းထိုး၊ ဆွဲငင်ကာ ရှေ့သို့ ရုတ်တရက် တိုးဝင်ခဲ့ကြသဖြင့် မြေပြင်ပေါ်သို့ လဲကျပြီး လူအုပ်ပိမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ရဲအရာရှိတစ်ဦး အပါအဝင် ဒဏ်ရာရရှိသူများကို ထမ်းစင်များဖြင့် ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို တွေ့မြင်ခဲ့ရသည်။ သေဆုံးသူများ၏ ဆွေမျိုးအချို့မှာလည်း ချစ်ခင်ရပါသော မိသားစုဝင်များကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသည်။
အနောက်ဘင်္ဂလားပြည်နယ်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် ရက်ရှည်ဟိန္ဒူပွဲတော်တစ်ရပ်ဖြစ်သော ဒူဂါပူဂျာ (Durga Puja) ပွဲတော်သည် “ဒူဂါ” နတ်ဘုရားမ ရုပ်တုများ စိုက်ထူထားရှိရာ မဏ္ဍပ်ဟု ခေါ်ဆိုကြသည့် ယာယီအဆောက်အအုံများဆီသို့ လူအုပ်ကြီး အမြောက်အမြားကို ဆွဲဆောင်နိုင်သော ပွဲတော်ဖြစ်သည်။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) က ယခုဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့် ပတ်သက်၍ ဖေ့စ်ဘုတ်ခ်ပေါ်တွင် ထုတ်ပြန်ချက်တိုတစ်ခု ရေးသားခဲ့သည်။

“ကိုးကက္တားမှာ ဖြစ်ပွားခဲ့တဲ့ လူအုပ်ပြိုမှုဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ဆုံးရှုံးသွားရတဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း ဆုတောင်းပေးပါတယ်” ဟု မိုဒီက ရေးသားခဲ့သလို”အနောက်ဘင်္ဂလား အစိုးရအနေနဲ့ ထိခိုက်ခံစားရတဲ့ မိသားစုတွေကို ဖြစ်နိုင်သမျှ အကူအညီတွေ အားလုံး ထောက်ပံ့ပေးနေပါတယ်” ဟုလည်း ပါရှိသည်။
လူမှုကွန်ရက် မီဒီယာ platform ဖြစ်သော X ပေါ်တွင် မိုဒီ၏ ရေးသားချက်အရ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအတွက် လျှော်ကြေးငွေ ရူပီး ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၁၀၀ ခန့်) နှင့် ဒဏ်ရာရရှိသူတစ်ဦးလျှင် ရူပီး ၅၀,၀၀၀ စီ ပေးအပ်မည်ဟု ကြေညာခဲ့သည်။
ဝန်ကြီးချုပ် အာဒီကာရီက မူလက သေဆုံးသူ ၁၇ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် သေဆုံးသူဦးရေ ၂ ဦး ထပ်မံတိုးလာကာ ၁၉ ဦးအထိ ရှိလာခဲ့ကြောင်း အာဒီကာရီကို ကိုးကား၍ အိန္ဒိယသတင်းဌာန (PTI) က ဖော်ပြခဲ့သည်။
သေဆုံးသူ ရုပ်အလောင်း ၉ လောင်းကို မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း PTI က ဖော်ပြသည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် ပွဲတော်၏ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများကို သိမ်းဆည်းလိုက်ပြီး လူအုပ်ကို ထိန်းချုပ်ရန် တာဝန်ပျက်ကွက်ခဲ့သည်ဟု CCTV တွင် တွေ့ရှိရသူများကို အာဏာပိုင်များက အရေးယူမှုများ စတင်တော့မည်ဖြစ်ကြောင်းလည်း ပါရှိသည်။
Indian Express သတင်း၏ ဖော်ပြချက်အရ လူအုပ်ပိမှု မဖြစ်ပွားမီ ရိုက်ကူးထားသော ဗီဒီယိုများတွင် လူအနည်းငယ်သာ တစ်ကြိမ်လျှင် လမ်းလျှောက်နိုင်သည့် ကျဉ်းမြောင်းသော လမ်းကြားများရှိရာ ဧရိယာ၌ မဏ္ဍပ်အတွင်းသို့ ဝင်ရောက်ရန် လူအုပ်ကြီးက စောင့်ဆိုင်းနေကြပုံကို တွေ့ရသည်။
အိန္ဒိယနိုင်ငံ၏ ဘာသာရေးပွဲတော်များကဲ့သို့ လူအမြောက်အမြား စုဝေးသည့် ပွဲများတွင် စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ပျက်ကွက်ခြင်းတို့ကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် လူအုပ်ပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
လွန်ခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၏ “ခွမ်ဘှာမဲလာ” (Kumbh Mela) ဘာသာရေးပွဲတော်တွင် လူအုပ်ပြိုမှုဖြစ်ပွားခဲ့၍ လူ ၃၀ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သလို၊ ဘင်္ဂါလူရူး (Bengaluru) မြို့တွင်လည်း ဒေသခံ ခရစ်ကတ်အသင်း၏ ပထမဆုံး အိန္ဒိယပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိမှု အောင်ပွဲခံစဉ် ပရိသတ် ၁၁ ဦး ပိမိပြီး သေဆုံးခဲ့ရသည်။
ထိုနှစ်မှာပင် တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်၌ ရေပန်းစားသော သရုပ်ဆောင်မှ နိုင်ငံရေးသမား ဖြစ်လာသူတစ်ဦး၏ မဲဆွယ်စည်းရုံးရေးပွဲတွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့သည်။
၂၀၂၄ ခုနှစ်ကလည်း မြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်၌ ဟိန္ဒူဘာသာရေး စုဝေးပွဲတစ်ခုအတွင်း လူ ၁၂၁ ဦး သေဆုံးခဲ့ဖူးသည်။
Ref: CNA
