၁၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်ရှိ စစ်စခန်းတစ်ခုတွင် ပြင်းထန်သော ဖြစ်ရပ်တစ်ခုကြောင့် ကြီးမားသည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့ပြီး ၃၉ ဦး ဆေးရုံတင်ထားရကာ အနည်းဆုံး ၁၉ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ကနေဒါဝန်ကြီးချုပ် မာ့က်ကာနေးက အောက်တိုဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အယ်လ်ဘာတာပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ်စမစ်ကလည်း ကနေဒါစစ်စခန်းတစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီးနောက် လူလေးဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်အပြီးတွင် လူ ၃၉ ဦး ဆေးရုံရောက်ရှိနေကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး ၁၉ ဦးမှာ စိုးရိမ်ရကြောင်းလည်း ၎င်းက ပြောခဲ့သည်။
မီးလောင်မှုသည် အောက်တိုဘာလ ၁၇ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခန့် (GMT ၂၂:၀၀ နာရီ) တွင် ကနေဒါနိုင်ငံ၏ အလုပ်အများဆုံး စစ်ရေးလေ့ကျင့်ရေးစခန်းများထဲမှ တစ်ခုဖြစ်သည့ ဝိန်းရိုက် (Wainwright) စစ်စခန်းတွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကနေဒါတပ်မတော် အမှတ် (၁) စစ်တိုင်း၏ တိုင်းမှူး ဗိုလ်ချုပ် ဝိတ် ရပ်တလန်က “Princess Patricia’s Canadian Light Infantry”ခြေမြန်တပ်မ၏ တတိယတပ်ရင်းမှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ပြင်းထန်သော မီးလောင်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
အောက်တိုဘာလ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရပ်တလန်က လေ့ကျင့်ရေးနယ်မြေအတွင်း မြက်ခင်းပြင်မီးလောင်မှုတစ်ခု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက မီးလောင်ချိန်တွင် လေ့ကျင့်ရေးနယ်မြေတစ်လျှောက်၌ လေ့ကျင့်ရေးလုပ်ငန်းစဉ် အများအပြား တစ်ပြိုင်နက်တည်း လုပ်ဆောင်နေခဲ့ကြကြောင်းနှင့် ပုံမှန်မဟုတ်ဘဲ ပြင်းထန်သည့် လေတိုက်ခတ်မှုများကြောင့် မီးက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လေ့ကျင့်ရေးစခန်း၏ စီမံခန့်ခွဲရေး ဧရိယာဘက်သို့ ဦးတည် ရွေ့လျားသွားခဲ့ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ကနေဒါဝန်ကြီးချုပ် မာ့က်ကာနေးက ဤဖြစ်ရပ်သည် ငြိမ်းချမ်းရေးကာလအတွင်း တပ်မတော်အနေဖြင့် ကြုံတွေ့ခဲ့ရသည့် အဆိုးရွားဆုံး ဘေးဆိုးများထဲမှ တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
ထို့ပြင် ၎င်းက စစ်သည်လေးဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များထံသို့ အကြောင်းကြားပြီးဖြစ်သည်ဟု ဝမ်းနည်းကြေကွဲစွာဖြင့် အတည်ပြုပြောကြားလိုပါကြောင်း၊ ဒဏ်ရာရရှိသူများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် လိုအပ်သည့် ကုသမှု၊ စောင့်ရှောက်မှု အဆင့်ဆင့်ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤဖြစ်ရပ်က ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ရေနံသိုက်များ တည်ရှိရာ အယ်လ်ဘာတာပြည်နယ်အနေဖြင့် ကနေဒါနိုင်ငံမှ ခွဲထွက်ရေးလုပ်ငန်းစဉ်ကို စတင်လိုခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အောက်တိုဘာလ ၁၉ ရက်တွင် ပြုလုပ်မည့် ဆန္ဒခံယူပွံမတိုင်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref: DW News
